မြိတ်အကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသား ၁၉ ဦး ပြန်လွတ်
ပြန်လွတ်လာသူတွေထဲ အမျိုးသား ၁၈ ဦးနဲ့ အမျိုးသမီးတစ်ဦးပါဝင်ပြီး သူတို့ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ဆန္ဒပြနေစဉ် မြိတ်မြို့ထဲက နာရီစင်၊ ပြည်တော်သာနဲ့ တလိုင်းစု စတဲ့ နေရာတွေမှာ ဖမ်းဆီးခံခဲ့ရသူတွေ ဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။
- 2022-09-01
-
-
-
တနင်္သာရီတိုင်း၊ မြိတ်အကျဉ်းထောင်မှာ စက်တင်ဘာလ ၁ ရက် ဒီနေ့မနက်ပိုင်းက နိုင်ငံအရေးအကျဉ်းသား ၁၉ ဦး ပြန်လည်လွတ်မြောက်လာတယ်လို့ နိုင်ငံရေးအကျဉ်းသား တွေနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။
ပြန်လွတ်လာသူတွေထဲ အမျိုးသား ၁၈ ဦးနဲ့ အမျိုးသမီးတစ်ဦးပါဝင်ပြီး သူတို့ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ဆန္ဒပြနေစဉ် မြိတ်မြို့ထဲက နာရီစင်၊ ပြည်တော်သာနဲ့ တလိုင်းစု စတဲ့ နေရာတွေမှာ ဖမ်းဆီးခံခဲ့ရသူတွေ ဖြစ်တယ်လို့လည်း သူက ဆက်ပြော ပါတယ်။
"ပုဒ်မနှစ်ခုနဲ့ ထောင် နှစ်နှစ်ကျပြီး ပြန်လွတ်လာတာ။ သူတို့တွေဟာ မတရား ဖမ်းဆီး ခံခဲ့ရတာ ဖြစ်တယ်၊ ပြီးတော့ အကျဉ်းချခံလိုက်ရတယ်။ တရားစီရင်ရေးနဲ့ ပတ်သက် လို့လည်း ရှေ့နေခေါ်ခွင့်ရှိတယ်ဆိုပေမယ့် လွတ်လပ်တဲ့ တရားစီရင်ရေးတော့ မဟုတ်ဘူး။ သူတို့တွေကို ထောင်တွင်းတရားရုံးမှာပဲ အမိန့်ချပြီး အကျဉ်းထောင်ထဲ ပို့လိုက်တာ။ နိုင်ငံသားတွေရဲ့ အခွင့်အရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာ"
အခုပြန်လွတ်လာသူတွေဟာ စစ်အဏာသိမ်းမှုကို ကန့်ကွက်ဆန္ဒပြရာမှာ ပါဝင်ခဲ့ကြပြီး နောက် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ - ၅၀၅ (က )၊ ပုဒ်မ - ၁၄၅ တို့နဲ့ တရားစွဲဆိုခံခဲ့ရတာပါ။
မြိတ်အကျဉ်းထောင်ထဲမှာ ရောက်နေတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို စိတ်ပိုင်းနဲ့ ရုပ်ပိုင်း ဆိုင်ရာ အနိုင်ကျင့်မှုတွေ ရှိတယ်လို့လည်း အဲဒီအကျဉ်းထောင်ကနေ အခုနှစ်အစောပိုင်းက ပြန်လည်လွတ်မြောက်လာသူတစ်ဦးက ပြောပါတယ်။
နိုင်ငံရေးကျဉ်းသားတွေကို ဆံပင်နဲ့လုပ်တဲ့ မျက်တောင်တု ထိုးခိုင်းတာ၊ အလုပ်ကြမ်းတွေ စေခိုင်းတာအပါအဝင် ထောင်ဝန်ထမ်းတွေက ဖိအားပေးမှုတွေ ရှိခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက RFA ကို ပြောပါတယ်။
အခုလို ပြန်လည်လွတ်မြောက်လာတာဟာ လွတ်ရက်စေ့လို့ဖြစ်ပြီး အကျဉ်းကျခံနေရတဲ့ အကျဉ်းသားတွေ အနေနဲ့ သူတို့ရဲ့ အခွင့်အရေးတွေ ဆုံးရှုံးနေသလို စစ်ကောင်စီဟာ အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးပြီး မတရားအကျဉ်းချထားတာဖြစ်တယ်လို့ နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးဖြစ်တဲ့ ဦးထွန်းကြည်က RFA ကို ပြောပါတယ်။
"အဏာသိမ်းလို့ ဆန္ဒထုတ်ဖော်သူတွေကို ရန်သူလို သဘောထားပြီး ဖမ်းဆီးခဲ့တယ်။ အခုချိန်အထိ ထောင်ထဲရောက်နေတဲ့ အကျဉ်းသားတွေလည်း ထိုနည်းတူစွာပါပဲ။ ဘယ်လို အကြောင်းနဲ့ဖြစ်ဖြစ် စစ်ကောင်စီကို ကျေးဇူးတင်ဖို့ မလိုပါဘူး။ နိုင်ငံရေး အကျဉ်းသားဟောင်းများ ကူညီစောင့်ရှောက်ရေးအနေနဲ့လည်း နိုင်ငံရေးလှုပ်ရှားသူတွေ ကို ဖမ်းဆီးတဲ့ အပေါ် အစကတည်းက ပြင်းပြင်းထန်ထန် ကန့်ကွက်ပြီးသားပါ။ အကျဉ်းထောင်ထဲမှာ အကျဉ်းကျခံနေရတဲ့သူတွေကို ဘာတာဝန်ယူမှု၊ တာဝန်ခံမှု မရှိဘဲနဲ့ ဒီအတိုင်းထားတာ"
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းချိန်ကနေ ဩဂုတ်လ ၃၁ ရက်နေ့အထိ နိုင်ငံတစ်ဝန်း ဖမ်းဆီးခံခဲ့ရသူ ၁၂,၁၉၃ ဦးရှိပြီး အဲဒီထဲကမှ ပြန်လည်လွတ်မြောက်လာသူ ၃,၀၇၅ ဦးနဲ့ ထောင်ချခံထားရသူ ၁,၄၂၇ ဦး ရှိပါတယ်။