မြဝတီမှာ ဗုံးပေါက်ကွဲပြီး သုံးဦး သေဆုံး၊ သုံးဦး ဒဏ်ရာရ

မြဝတီမြို့နယ်အတွင်းက အမှတ် (၅) ရပ်ကွက်အုပ်စု ရေပူရွာမှာ ဇန်နဝါရီ ၆ ရက်နေ့ မနက်ပိုင်းက ဗုံးပေါက်ကွဲမှုကြောင့် သုံးဦး သေဆုံးပြီး သုံးဦး ဒဏ်ရာရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြဝတီ-မဲဆောက် နယ်စပ်ဂိတ်တစ်နေရာကို တွေ့ရစဉ်။

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းက အမှတ် (၅) ရပ်ကွက်အုပ်စု ရေပူရွာမှာ ဇန်နဝါရီလ ၆ ရက်နေ့ မနက်ပိုင်းက ဗုံးပေါက်ကွဲမှုကြောင့် သုံးဦး သေဆုံးပြီး နောက်ထပ်သုံးဦး ဒဏ်ရာရတယ်လို့ ဒေသခံတွေက RFA ကို ဒီနေ့ ပြောပါတယ်။

ဒီဖြစ်ရပ်မှာ အသက် ၃၀ ကျော်အရွယ် ကိုမင်းသားကြီးနဲ့ ဇနီး၊ ကိုယ်ဝန်ဆောင်တစ်ဦးရဲ့ ဝမ်းဗိုက်ထဲက ကလေးငယ်တစ်ဦးတို့ သေဆုံးပြီး အဲဒီကိုယ်ဝန်ဆောင်တစ်ဦး အပါအဝင် နောက်ထပ်အမျိုးသမီးနှစ်ဦး ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။

သေဆုံးသူ ကိုမင်းသားကြီး လွယ်ထားတဲ့ အိတ်ထဲကနေ ဗုံးပေါက်ကွဲသွားတာကြောင့် အနီးအနားမှာ ရှိနေသူတွေ ထိခိုက်သေဆုံးတာလို့ မြဝတီမြို့မှာ နေထိုင်တဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"ဗုံးအမျိုးအစားက ကွင်းဗုံး (လက်ပစ်ဗုံး)ပါ။ သူက အဲဒီဗုံးကို လွယ်အိတ်ထဲ ထည့်ထားလဲ သေချာမသိပါဘူး။ လက်နဲ့ ကွင်းကို သွားဆွဲမိပုံရတယ်။ ဒါကြောင့် ပေါက်သွားတာ။ အိမ်ရှင်လင်မယားကတော့ နေရာမှာတင် ဆုံးသွားပြီ။ နောက်ထပ် ဒဏ်ရာရတဲ့ အမျိုးသမီးသုံးဦးထဲမှာပါတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီး ဗိုက်ထဲက ကလေးကတော့ ဆုံးသွားတယ်"

ဒဏ်ရာရသူတွေအထဲက မဲဆောက်ဆေးရုံမှာ ဆေးကုသမှုခံယူနေတဲ့ ကိုယ်ဝန်ဆောင်တစ်ဦးကတော့ လက်ရှိအချိန်အထိ သတိမရသေးဘူးလို့ ဆိုပါတယ်။ မြဝတီဆေးရုံမှာ ကုသနေသူနှစ်ဦးကတော့ ဒဏ်ရာပြင်းထန်တဲ့ အခြေအနေမရှိကြောင်း ဒေသခံတွေက ပြောပါတယ်။

လတ်တလောအခြေအနေအရ သေဆုံး ထိခိုက်သူတွေရဲ့ အသေးစိတ်အချက်အလက်ကို မသိရသေးပေမဲ့ ကိုမင်းသားကြီးဟာ သာမန်အရပ်သားတစ်ဦးဖြစ်ပြီး လက်နက်ကိုင်အဖွဲ့ထဲကမဟုတ်ဘူးလို့ မြဝတီမြို့ခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီးတုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ကရင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးစောခင်မောင်မြင့်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org