မြတန်ဆောင်းဆရာတော်အမှု ထောင် ၂ နှစ်စီ ချမှတ်

ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ ရက္ခိုင့်တပ်မတော်ဖလားဘောလုံးပွဲကျင်းပခဲ့တဲ့အတွက် အမှုရင် ဆိုင်နေရတဲ့ မြတန်ဆောင်းဆရာတော် အရှင်နန္ဒသာရနဲ့ ကိုခိုင်နီမင်းတို့ကို မြောက်ဦးမြို့နယ် တရားရုံးက ဒီနေ့ထောင် ဒဏ် နှစ်နှစ်စီ အသီးသီး အမိန့်ချမှတ်လိုက်တယ်လို့ သိရပါတယ်။

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်က မြတန်ဆောင်း ဘုန်းတော်ကြီးသင် ပညာရေးကျောင်းကို တွေ့ရစဉ် Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ ရက္ခိုင့်တပ်မတော်ဖလား ဘောလုံးပွဲကျင်းပခဲ့တဲ့အတွက် အမှုရင်ဆိုင်နေရတဲ့ မြတန်ဆောင်းဆရာတော် အရှင်နန္ဒသာရနဲ့ ကိုခိုင်နီမင်း တို့ကို မြောက်ဦးမြို့နယ်တရားရုံးက ဒီနေ့ထောင်ဒဏ် နှစ်နှစ်စီ အသီးသီးအမိန့်ချမှတ်လိုက်တယ်လို့ သိရပါတယ်။

ဆရာတော်နဲ့ ကိုခိုင်နီမင်းတို့ဟာ မတရားအသင်းရဲ့ လုပ်ဆောင်မှုကို တနည်းနည်းနဲ့ အားပေးတယ်လို့ တရားရုံးက သုံးသပ်ပြီး အခုလိုအမိန့်ချမှတ်လိုက်တာလို့ အမှုကိုလိုက်ပါဆောင်ရွက်ခဲ့တဲ့ ရှေ့နေဦးထွန်းလှက ပြောပါတယ်။

"တရားရုံးရဲ့ သုံးသပ်ချက်က ဆရာတော်နဲ့ ကိုခိုင်နီမင်း ဟာ မတရားအသင်းရဲ့ လုပ်ဆောင်မှုကို တနည်းနည်းနဲ့ အားပေးတယ်ဆိုတဲ့ကိစ္စ ပေါ်ပေါက်တဲ့အတွက် နှစ်နှစ်ချတာခင်ဗျ"

အဲဒီအမှုအတွက် အယူခံဝင်ရောက်သွားမှာဖြစ်ကြောင်းနဲ့ လက်ရှိမှာ ဆရာတော်နဲ့ ကိုခိုင်နီမင်းတို့ကို စစ်တွေ အကျဉ်းထောင်ကို ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း ရှေ့နေဦးထွန်းလှ ကပြောပါတယ်။

မြောက်ဦးမြို့မှာ ရက္ခိုင့်တပ်မတော် AA ၈ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ဘောလုံးပွဲ ကျင်းပခဲ့တာကြောင့် ဆရာတော် အရှင်နန္ဒသာရနဲ့ ကိုခိုင်နီမင်း တို့ကို မြောက်ဦးမြို့အခြေစိုက် ခမရ-၅၄၀ တပ်ရင်းက မတရားအသင်း အက်ဥပဒေ ပုဒ်မနဲ့ တရားစွဲဆိုပြီး ပြီးခဲ့တဲ့ဧပြီလ ၁၀ ရက်နေ့က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

အဲဒီဘောလုံးပွဲကို ဆရာတော်က ဦးဆောင်ကျင်းပတာမဟုတ်ဘဲ ကိုခိုင်နီမင်းကသာ ဦးဆောင်ကျင်းပ တာဖြစ်ကြောင်း တရားရုံးမှာ ဝန်ခံထွက်ဆိုခဲ့ပေမယ့်လည်း တရားရုံးက ဆရာတော်ကိုပါ ပြစ်ဒဏ်ချမှတ်ခဲ့တာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

မြတန်ဆောင်းဆရာတော် အရှင်နန္ဒသာရဟာ မတရားအသင်းအက်ဥပဒေပုဒ်မနဲ့ အမှုရင်ဆိုင်နေရစဉ်အတွင်း ဆရာတော်ရဲ့ဘုန်းတော်ကြီးသင် ပညာရေးကျောင်းကိုလည်း ပြီးခဲ့တဲ့ဇွန်လက အစိုးရက ပိတ်သိမ်းခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org