ဒီဇင်ဘာ ၁ ရက်နေ့မှာ ရွှေ့ပြောင်းအလုပ်သမားတွေ ထိုင်းနိုင်ငံက ပြန်လက်ခံမည်
ထိုင်းအစိုးရက နိုင်ငံရဲ့ လုပ်သားလိုအပ်ချက်တွေကြောင့် နှစ်နိုင်ငံသဘောတူ စာ ချွန်လွှာ MOU စနစ်နဲ့ မြန်မာ အပါအဝင် ကမ္ဘောဒီးယား၊ လာအို စတဲ့ သုံးနိုင်ငံက ရွှေ့ပြောင်းလုပ်သားတွေကို လာမယ့် ဒီဇင်ဘာလ ၁ ရက်နေ့ကစပြီး လက်ခံဖို့ ထိုင်းအလုပ်သမားဝန်ကြီး စူချတ် ချွန်မ်ကလင်က နိုဝင်ဘာလ ၂၆ ရက်နေ့က ထပ်မံအတည်ပြုလိုက်ပါတယ်။
-
လုဆိုင်း
2021-11-28 -
-
-
ထိုင်းအစိုးရက နိုင်ငံရဲ့ လုပ်သားလိုအပ်ချက်တွေကြောင့် နှစ်နိုင်ငံသဘောတူစာချွန်လွှာ MOU စနစ်နဲ့ မြန်မာ အပါအဝင် ကမ္ဘောဒီးယား၊ လာအို စတဲ့ သုံးနိုင်ငံက ရွှေ့ပြောင်းလုပ်သားတွေကို လာမယ့် ဒီဇင်ဘာလ ၁ ရက်နေ့ကစပြီး လက်ခံဖို့ ထိုင်းအလုပ်သမားဝန်ကြီး စူချတ် ချွန်မ်ကလင်က နိုဝင်ဘာလ ၂၆ ရက်နေ့က ထပ်မံအတည်ပြုလိုက်ပါတယ်။
MOU စနစ်နဲ့ အလုပ်သမားတွေကို အမြန်ဆုံးခေါ်ယူဖို့ ဒီဇင်ဘာလ ၁ ရက်နေ့ကစပြီး အလုပ်ခေါ်စာ လက်ခံသွားမှာဖြစ်တယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးက အတည်ပြု ဆုံးဖြတ်ခဲ့လိုက်တာဖြစ်တယ်လို့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပါတယ်။
“ဒီဇင်ဘာလ ၁ ရက်နေ့ကနေစပြီးတော့ သုံးနိုင်ငံ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာပြည်သားက ၈၀ ရာခိုင်နှုန်းဆိုပါစို့။ အရင်ဆုံး MOU လုပ်သား ၈ သောင်း အရင်ဆုံး ကမ့်ထဲကို တင်သွင်းမယ်။ အဲဒါပြီးတဲ့ အခါကျရင် တဖြည်းဖြည်းနဲ့ ထိုင်းနိုင်ငံရဲ့ ကွက်လပ်ဖြစ်နေတဲ့ လုပ်ငန်းခွင် ၆ ခုမှာ လိုအပ်နေတဲ့ အလုပ် သမားတွေကို ကျွမ်းကျင်လုပ်သားတွေကို ခေါ်ယူမယ်ဆိုတာ ဆုံးဖြတ်ချက်ရသွားတယ်၊ ဒီဇင်ဘာ ၁ ရက် နေ့က စမယ်ဆိုတာက demand letter တွေကို ခေါ်လည်းခေါ်၊ လူတချို့လည်း သွင်းမှာလေ။ ဘာကြောင့် လဲဆိုတော့ လိုအပ်တဲ့ မြေပြင်မှာရှိနေတဲ့ သန့်ရှင်းရေး၊ ကျန်းမာရေး၊ စက်ကရိယာများ အကုန်လုံး အစစ အရာရာ ပြင်ဆင်နေတာ တွေ့ရှိရတာ ဖြစ်တဲ့အတွက် ပြောမယ်ဆိုရင် အားလုံး ဒီဇင်ဘာလ ၁ ရက်နေ့ အတွက် မဲဆောက်မြို့မှာရှိတဲ့ အမှတ် ၁ တံတားရော၊ အမှတ် ၂ တံတားရော ဘယ်ဘက်ကနေ ရွှေ့ပြောင်း လုပ်သားတွေ သွင်းသွင်းအားလုံး အဆင်သင့်ရှိတယ်ဆိုတဲ့ သဘောရှိတယ်”
ကိုဗစ်ကပ်ဘေးကြောင့် ထိုင်းနိုင်ငံကနေ နေရပ်ပြန်သွားတဲ့ မြန်မာနိုင်ငံသား ၂ သိန်းလောက်ရှိပြီး သူတို့တွေ ဟာ MOU လုပ်သားတွေအဖြစ် ပြန်ဝင်လာကြမှာဖြစ်တယ်လို့ ဦးမိုးကြိုးက ပြောပါတယ်။
ထိုင်းနိုင်ငံမှာ ကိုဗစ်အရေးပေါ်ကာလ ၂ နှစ်လောက်ကြာ စီးပွားရေးလုပ်ငန်းတွေ ရပ်ဆိုင်းခဲ့ရတဲ့ အဓိက လုပ်ငန်း ၆ ခုဖြစ်တဲ့ စက်ရုံအလုပ်ရုံ၊ စိုက်ပျိုးရေး၊ ဆောက်လုပ်ရေး၊ ရေနဲ့ ပင်လယ်အစားအစာလုပ်ငန်း၊ ဟိုတယ်လုပ်ငန်းနဲ့ အထွေထွေလုပ်ငန်းတွေမှာ အဓိက လုပ်ကိုင်ဖို့ ခေါ်ယူတာဖြစ်ပါတယ်။
မြန်မာနိုင်ငံက အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ ၄ ခုပါဝင်မှာဖြစ်ပြီး ခေါ်ယူမယ့် အလုပ်သမားတွေဟာ ကိုဗစ်ကာကွယ်ဆေး ၂ ကြိမ်ထိုးပြီးသူတွေက နယ်စပ်က ကွာရန်တင်းစင်တာမှာ ၇ ရက် ဝင်ရမှာဖြစ်ပြီး ကိုဗစ်ကာကွယ်ဆေး ၁ ကြိမ်ထိုးထားသူတွေဟာ ကွာရန်တင်း ၁၄ ရက်ဝင်ရမှာဖြစ်ပြီး ကုန်ကျစရိတ် တစ်ရက်ကို ၅၀၀ ကနေ ၁၀၀၀ ကုန်ကျမှာ ဖြစ်ပါတယ်။
MOU အလုပ်သမား တစ်ဦးအတွက် လိုအပ်တဲ့စာရွက်စာတမ်း၊ လူမှုဖူလုံရေးစရိတ် အနည်းဆုံး ၁၁၄၉၀ ကနေ ၂၂၀၄၀ ထိ ကုန်ကျမှာဖြစ်ပြီး အဲဒီကုန်ကျစရိတ်တွေကို ထိုင်းအလုပ်ရှင်ဘက်က ကုန်ကျရမှာဖြစ်တယ်။ ကာကွယ်ဆေး မထိုးထားတဲ့တဲ့ လုပ်သားအတွက် ထိုင်းအလုပ်သမား ဝန်ကြီးဌာနကနေ ပထမတစ်ကြိမ် ကိုဗစ်ကာကွယ်ဆေးထိုးပေးမှာ ဖြစ်သလို၊ ဒုတိယတစ်ကြိမ်ကို သက်ဆိုင်ရာ ခရိုင်ပြည်သူ့ ကျန်းမာရေးဌာန ကနေ ထိုးနှံပေးဖို့ညှိနှိုင်းပေးသွားမှာ ဖြစ်တယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးက ပြောဆိုထားပါတယ်။
ထိုင်းတောင်ပိုင်း အခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းက အလုပ်သမားရေးတာဝန်ခံ ဦးမင်းဦးက MOU နဲ့လာမယ်ဆိုရင် ကုန်ကျစရိတ်များသလို၊ အချိန်ကြန့်ကြာတာတွေရှိလို့ အခုလို နယ်စပ်ကနေ အလုံးအရင်း ဝင်လာကြတာဖြစ်တယ်လို့ ပြောပါတယ်။
“MOU ပရောဆက်က အစိုးရက နိုင်ငံပြန်ဖွင့်တဲ့အချိန်မှာ လုပ်သားလိုအပ်ချက်အရ လုပ်တာလေ ဒါပေမဲ့ အလုပ်ရှင် အများစုကကျတော့ သူတို့မှာ ကုန်ကျစရိတ်များကြီး ပေးရမှာလေ။ အဲတော့ အလွယ်ဆုံးဟာက အခုက အလုပ်လုပ်ခွင့် မရှိဘဲ အလုပ်လုပ်နေတဲ့ အလုပ်သမားတွေကို မှတ်ပုံတင်ခွင့် ရထားတယ်လေ။ ဒီ ၃၀ ရက်နေ့ထိ ဆိုတော့ အဲဒီဟာက သူတု့ိအတွက် ပိုပြီးတော့ လွယ်တယ်။ ကုန်ကျစရိတ်လည်း နည်းတယ်လေ။ ဆိုတော့ ပွဲစားကနေတဆင့် ခေါ်တာပေါ့ဗျာ။ အခု MOU နဲ့ လုပ်ဖို့ဆိုတာ အနည်းဆုံး တစ်လခွဲလောက်ကြာမှာ ဒါ ပရောဆက်တစ်ခုလုံး ရက် ၉၀ လောက်ထိ ကြာသွားနိုင်တယ်။ အဲတော့ အလုပ်သမားတွေ ဘယ်လိုလုပ်ချင်တော့မလဲ။ မြန်မြန်ရောက်တဲ့ နယ်စပ်ကနေတဆင့် ဝင်နေကြတာ ဒါပဲ”
ထိုင်းအစိုးရက နိုဝင်ဘာလ ၁ ရက်ကနေ ၁၅ ရက်အထိ မြန်မာနိုင်ငံသား ၇၁၄၁ ဦးဖမ်းဆီးခံရပြီးလို့ ထုတ်ပြန်ထားပြီး နိုဝင်ဘာလ တတိယပတ်ထိ ဖမ်းဆီးခံရသူ မြန်မာနိုင်ငံသား ၈ သောင်းကနေ ၁ သောင်းကြားထိ ရှိတယ်လို့ ဦးမင်းဦးက ပြောပါတယ်။
၂၀၂၁ ခုနှစ် ဇန်နဝါရီလကနေ အောက်တိုဘာလထိ ၁၀ လအတွင်း ထိုင်းမြန်မာ နယ်စပ်ကနေ နယ်စပ် ဖြတ်ကျော်လာတဲ့ မြန်မာနိုင်ငံသား ၃ သောင်းကျော် ဖမ်းဆီးရတယ်လို့ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။
အလုပ်သမားတွေ ခေါ်ယူမယ်ဆိုတဲ့အချိန်မှာပဲ ထိုင်းနိုင်ငံမှာ ရောက်နေတဲ့ အထောက်အထားမဲ့ ရွှေ့ပြောင်း အလုပ်သမားတွေ နိုဝင်ဘာလ ၃၀ ရက်နေ့ထိ တရားဝင် မှတ်ပုံတင်စာရင်း အမြန်ဆုံး သွင်းကြဖို့နဲ့ အထောက် အထား မရှိသူတွေကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးတော့မှာဖြစ်တယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက ပြောဆိုထားပါတယ်။
ထိုင်းနိုင်ငံရဲ့ လုပ်ငန်းလိုအပ်ချက်အရ အိမ်နီးချင်းနိုင်ငံတွေက MOU စနစ်နဲ့ ရွှေ့ပြောင်းလုပ်သားတွေကို လာမယ့် နိုဝင်ဘာလ ၃၀ ရက်နေ့ကစလို့ ခေါ်ယူတော့မယ်ဆိုပြီး နိုဝင်ဘာလ ၁၂ ရက်နေ့က ကျင်းပတဲ့ အစိုးရအဖွဲ့ရဲ့ ဝန်ကြီးများ အစည်းအဝေးကနေ ဆုံးဖြတ်ခဲ့တာကို အခု ထပ်မံအတည်ပြုလိုက်တာ ဖြစ်ပါတယ်။