ထိုင်းနိုင်ငံက မြန်မာအလုပ်သမား ၃၀၀ နီးပါး အလုပ်ထုတ်ခံရ
ထိုင်းနိုင်ငံ ပရာချန်ဘူရီခရိုင်၊ ကဘင်ဘူရီမြို့ စက်မှုဇုန်ထဲက Chow Steel သံမဏိစက်ရုံက မြန်မာအလုပ်သမား ၂၉၀ ကို အလုပ်ထုတ်လိုက်တာကြောင့် သူတို့အတွက် လျော်ကြေးငွေနဲ့ အလုပ်အသစ်ရရှိအောင် မြန်မာသံရုံးက ကူညီဆောင်ရွက်ပေးနေကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက သတင်းထုတ်ပြန်ပါတယ်။
-
2019-03-01 -

အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေအတွက် အလုပ်ပြောင်းရွှေ့နစ်နာကြေး ဘတ် ၁၂ သန်း( မြန်မာငွေ ကျပ်သန်းပေါင်း ၅၇၀ ကျော်) ရရှိနိုင်မယ်လို့ ခန့်မှန်းထားတဲ့အကြောင်း၊ အဲဒီအလုပ်သမားတွေကို ဧပြီ ၅ ရက် မတိုင်ခင် အလုပ်သစ်ရရှိအောင် ဆောင်ရွက်နေတဲ့အကြောင်း အလုပ်သမားသံအရာရှိ ဦးစန်းမောင်ဦးက ပြောပါတယ်။
အဲဒီအလုပ်သမားတွေဟာ လက်ရှိနေထိုင်တဲ့ ကဘင်ဘူရီမြို့ကနေ တခြားမြို့ကို မပြောင်းရွှေ့ချင်တာကြောင့် အဲဒီမြို့အနီးဝန်းကျင်က စက်ရုံတွေမှာ အလုပ်သွင်းပေးနိုင်ဖို့ ကြိုးစားနေတယ်လို့လည်း ဦးစန်းမောင်က ပြောပါတယ်။
ကမ္ဘောဒီးယားနိုင်ငံနဲ့ ထိစပ်နေတဲ့ ထိုင်းနိုင်ငံ ကဘင်ဘူရီမြို့က အဲဒီစက်ရုံမှာ မြန်မာအလုပ်သမားအများစု အလုပ်လုပ်ကိုင်နေတာဖြစ်ပြီး အလုပ်သမား ၄၀၀ ကျော်ရှိတဲ့ထဲမှာ မြန်မာအလုပ်သမား ၃၉၀ ကျော် ဝင်ရောက်လုပ်ကိုင်နေတာဖြစ်ပါတယ်။
စက်ရုံကို ၆ လကြာ လုပ်ငန်းခွင် ပြန်လည်ပြုပြင်မွန်းမံတာတွေ လုပ်မှာဖြစ်တဲ့အတွက် အလုပ်မပေးနိုင်တာကြောင့် ကုမ္ပဏီကနေ မြန်မာအလုပ်သမား အယောက် ၁၀၀ ကို ဆက်ခန့်ထားပြီး ကျန် ၂၉၀ ကျော်ကို နစ်နာကြေးပေးပြီး အလုပ်ထုတ်လိုက်တာဖြစ်ပါတယ်။
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးနဲ့ ထိုင်းနိုင်ငံအလုပ်သမားဦးစီးဌာနတို့ ပူးပေါင်းပြီး အလုပ်ထုတ်ခံရတဲ့ မြန်မာအလုပ်သမားတွေကို အလုပ်ရှင်ဘက်က ဥပဒေနဲ့အညီ လျော်ကြေးငွေပေးဖို့ ညွှန်ကြားခဲ့တယ်လို့ မြန်မာသံရုံးကနေ သိရပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မဇာဏီထွဏ်း ပေးပို့တာပါ။