အနည်းဆုံးလုပ်ခလစာ ကြေညာချက် မရှင်းလို့ အလုပ်ရှင် အလုပ်သမားကြား ပြဿနာဖြစ်နေ
အလုပ်သမားတွေရဲ့ အနည်းဆုံးအခကြေးငွေ ကြေညာချက်တွေဟာ ရှင်းရှင်းလင်းလင်းမရှိတာကြောင့် အလုပ်ရှင်နဲ့ အလုပ်သမားကြားမှာ ပြဿနာတွေဖြစ်နေပါတယ်။
-
RFA Burmese
2023-11-06 -
-
-
စစ်ကောင်စီဘက်က ထုတ်ပြန်ခဲ့တဲ့ စက်ရုံအလုပ်ရုံ အလုပ်သမားတွေရဲ့ အနည်းဆုံး အခကြေးငွေ နှုန်းထားအပေါ် ကြေညာချက်တွေဟာ ရှင်းရှင်းလင်းလင်းမရှိတာကြောင့် အလုပ်ရှင်နဲ့ အလုပ်သမားကြားမှာ အချိန်ပိုကြေး တွက်ချက်ပေးဖို့ကအစ ပြဿနာတွေ ဖြစ်နေတယ်လို့ အလုပ်သမားတွေနဲ့ အလုပ်သမားအရေး ကူညီနေသူတွေက ပြောပါတယ်။
စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာန၊ အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီဟာ အောက်တိုဘာလ ၁ ရက်နေ့ကစပြီး အပိုထောက်ပံ့ကြေး ကျပ်တစ်ထောင် အပါအဝင် နေ့စဉ်လုပ်ခ ၅၈၀၀ ကျပ် ပေးရမယ်လို့ အောက်တိုဘာလ ၅ ရက်နေ့မှာ ပြင်ဆင်သတ်မှတ်ခဲ့ပါတယ်။
ဒါပေမဲ့ အောက်တိုဘာလ ၉ ရက်နေ့မှာတော့ အလုပ်သမားဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးညွန့်ဝင်းက တစ်ထောင်ကျပ်ဟာ အပိုခံစားခွင့်ပေးတာဖြစ်ပြီး အနည်းဆုံး လုပ်ခလစာဟာ မပြောင်းလဲဘဲ ၄၈၀၀ ကျပ်သာဖြစ်တယ်လို့ စစ်ကောင်စီလက်အောက်ခံ MRTV သတင်းဌာနကနေ ပြောဆိုခဲ့ပါတယ်။
"အနည်းဆုံး အခကြေးငွေ ၅၈၀၀ ကျပ်လို့ အပြင်ကလူတွေ နားလည်မှုလွဲသွားရင် အချိန်ပိုကြေး တွက်ချက်ပေးရတဲ့အခါ အလုပ်ရှင်တွေအတွက် ဝန်ထုတ်ဝန်ပိုး ဖြစ်နိုင်တယ်လေ၊ ဒါကြောင့် အနည်းဆုံး အခကြေးငွေ ပြောင်းလဲခြင်း မရှိပါဘူး၊ ၄၈၀၀ ပဲ ဖြစ်ပါတယ်၊ ၅၈၀၀ ကျပ်ပေးတယ်ဆိုတာက အလုပ်သမားတွေ စားဝတ်နေရေး သက်သာချောင်လည်ဖို့အတွက် အပိုကြေးအအနေနဲ့ ခံစားခွင့်ပေးတာပါ။ ဒါကြောင့် လုပ်ငန်းလိုအပ်ချက်အရ အချိန်ပိုကြေး တွက်ပေးရတဲ့ အခါမှာတော့ ၄၈၀၀ ကျပ်နဲ့ပဲ တွက်ပေးရမှာပါ"
အောက်တိုဘာလ ၅ ရက်နေ့က အလုပ်သမားဝန်ကြီးဌာန၊ အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင် လက်မှတ်နဲ့ထုတ်ပြန်ခဲ့တဲ့ ပထမကြေညာချက်ဟာ ပယ်ပျက်သွားပြီလို့လည်း အမြဲတမ်းအတွင်းဝန် ဦးညွန့်ဝင်းက ဖြေရှင်းထားပါတယ်။
အမျိုးမျိုးကြေညာချက်တွေကြားမှာ စက်ရုံအလုပ်သမားတွေနဲ့ စက်ရုံပိုင်ရှင်တွေကြား အချိန်ပိုကြေး တွက်ချက်ပေးရတာအစ ပြဿနာတွေဖြစ်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အလုပ်သမားသမဂ္ဂ ခေါင်းဆောင် တစ်ဦးက RFA ကို ပြောပါတယ်။
"စစ်ကောင်စီက လက်ရှိထုတ်ပြန်ထားတဲ့ ကြေညာချက်တွေဟာ ရှင်းလင်းမှုမရှိဘဲ အမျိုးမျိုးထုတ်ပြန်နေကြတာ၊ အပိုကြေးလို့ သုံးနှုန်းထားတာကြောင့်လည်း အလုပ်သမားနဲ့ အလုပ်ရှင်တွေကြားထဲမှာ အငြင်းပွားမှုတွေ ဖြစ်နေတယ်၊ ရတဲ့စက်ရုံကရပြီး မရတဲ့စက်ရုံက အလုပ်သမားတွေလည်း ရှိနေတယ်၊ အချိန်ပို (OT) ကြေးမှာကိုလည်း ၄၈၀၀ ကျပ်နဲ့တွက်ပေးမှာလား၊ ၅၈၀၀ ကျပ်နဲ့ တွက်ပေးမှာလား၊ အခုအဲ ဒီပြဿနာတွေ ကြုံနေကြရပြီ"
တချို့စက်ရုံတွေက အချိန်ပိုကြေးကို ၅၈၀၀ ကျပ်နဲ့ တွက်ပေးပေမယ့် စက်ရုံအများစုက ၄၈၀၀ ကျပ်နဲ့သာ တွက်ချက်ပေးတာကြောင့် စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနရဲ့ အမျိုးမျိုးကြေညာချက်တွေအပေါ် စိတ်ပျက်မိတယ်လို့ အလုပ်သမားတွေနဲ့ အလုပ်သမားအရေး ကူညီပေးနေသူတွေက ဆိုပါတယ်။
ခုံသမာဓိကောင်စီရဲ့ အလုပ်သမားကိုယ်စားလှယ် တစ်ဦးကတော့ အနိမ့်ဆုံးလုပ်ခလစာနှုန်း ပြင်ဆင်ဖို့က အနည်းဆုံး အခကြေးငွေဥပဒေအရသာ ပြင်ရမှာဖြစ်ပြီး လက်ရှိမှာ အဲဒီယန္တရားပျက်နေတာလို့ RFA ကို ပြောပါတယ်။
"အနည်းဆုံး အခကြေးငွေနှုန်းထားကို ပြင်မယ်ဆိုရင် ၂၀၁၃ ခုနှစ်၊ အနည်းဆုံး အခကြေးငွေ ဥပဒေအရ ပြင်ရမှာလေ၊ အခုချိန်က ဥပဒေအရ ပါဝင်ညှိနှိုင်းဆွေးနွေးရမယ့် သုံးပွင့်ဆိုင် ကိုယ်စားလှယ်တွေလည်း မရှိတော့ဘူး၊ အဲဒီယန္တရားတွေက ပျက်နေပြီ၊ အမှန်က ဥပဒေအရ နှစ်နှစ်တစ်ကြိမ် အနည်းဆုံး အခကြေးငွေ နှုန်းထားကို ပြင်ဆင်ပေးရမှာ"
မြန်မာနိုင်ငံမှာ အနည်းဆုံး အခကြေးငွေဥပဒေကို ၂၀၁၃ ခုနှစ်မှာ ပြဌာန်းခဲ့တာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရလက်ထက် ၂၀၁၈ ခုနှစ်၊ မေလမှာ အနည်းဆုံးအခကြေးငွေ နှုန်းထားကို ၃၆၀၀ ကျပ်ကနေ ၄၈၀၀ ကျပ်အဖြစ် တိုးမြှင့် သတ်မှတ်ပေးခဲ့တာပါ။
ဒါပေမဲ့ အာဏာသိမ်းပြီးနောက်ပိုင်း အခြေခံစားသောက်ကုန်စျေးနှုန်း သုံးဆနီးပါး တက်လာတဲ့အထိ အလုပ်သမားတွေရဲ့ အနည်းဆုံးလုပ်ခလစာ တိုးမလာတာ ငါးနှစ်ရှိသွားပြီ ဖြစ်ပါတယ်။
သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် (STUM) တာဝန်ရှိသူတစ်ဦးကတော့ တစ်နိုင်ငံလုံး စက်ရုံတွေမှာရှိတဲ့ အလုပ်သမားတွေအတွက် အနည်းဆုံးလုပ်ခလစာဟာ ကျပ်တစ်သောင်းအထိ တိုးပေးဖို့လိုအပ်တယ်လို့ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့က RFA ကို ဖြေဆိုထားပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ အနည်းဆုံးလုပ်ခလစာ တိုးမြှင့်ပေးဖို့ တောင်းဆိုတဲ့ အလုပ်သမားတချို့ အလုပ်ထုတ်ခံရတာအပြင် ဆန္ဒပြသူတွေလည်း ဖမ်းဆီးအရေးယူခံရတာတွေ ရှိခဲ့ပါတယ်။