အလုပ်သမား ၃ ဦးကို ပုဒ်မ ၁၈ နဲ့ ရုံးတင်မည်

စစ်ကိုင်းမြို့ Myanmar Veneer သစ် အချောထည်စက်ရုံ အလုပ်သမားသပိတ် မှာ ပါဝင်ခဲ့တဲ့ အလုပ်သမားခေါင်းဆောင် ၃ ဦးကို စစ်ကိုင်းမြို့မရဲစခန်းက ပြီးခဲ့တဲ့ ဧပြီလကတည်းက ဖွင့်ထားတဲ့ တရားမဝင် စီတန်းလှည့်လည်မှု ပုဒ်မ ၁၈ နဲ့ ပတ်သက်ပြီး လာမယ့် နိုဝင်ဘာလ ၂၁ ရက်နေ့မှာ စစ်ကိုင်း မြို့နယ်တရားရုံးကို တင်သွားမှာဖြစ်ပါတယ်။

စစ်ကိုင်းမြို့ကနေ နေပြည်တော်ကို ချီတက်လာတဲ့ Myanmar Veneer အလုပ်သမား သပိတ်စစ်ကြောင်းကို မေလ ၂ ရက်နေ့ က တွေ့ရစဉ် Photo: Hset Paing Toe/ RFA

စစ်ကိုင်းမြို့ Myanmar Veneer သစ်အချောထည်စက်ရုံ အလုပ်သမားသပိတ်မှာ ပါဝင်ခဲ့တဲ့ အလုပ်သမားခေါင်းဆောင် ၃ ဦးကို စစ်ကိုင်းမြို့မရဲစခန်းက ပြီးခဲ့တဲ့ ဧပြီလကတည်းက ဖွင့်ထားတဲ့ တရားမဝင် စီတန်းလှည့်လည်မှု ပုဒ်မ ၁၈ နဲ့ပတ်သက်ပြီး လာမယ့် နိုဝင်ဘာလ ၂၁ ရက်နေ့မှာ စစ်ကိုင်းမြို့နယ် တရားရုံးကို တင်သွားမှာဖြစ်ပါတယ်။

စစ်ကိုင်းမြို့မရဲစခန်းက ဒုရဲမှူးကျော်ထွန်းနိုင်က တရားလိုလုပ်ပြီး သပိတ်စစ်ကြောင်း စစ်ကိုင်းကနေ စထွက်တဲ့ အချိန်ကတည်းက စွဲထားတဲ့အမှုဖြစ်တယ်လို့ စစ်ကိုင်းရဲကင်းစခန်းမှူး ဦးဇော်ထွန်းက ပြောပါတယ်။

"ဒုရဲမှူးကျော်ထွန်းနိုင် တရားလိုလုပ်တယ်၊ ပုဒ်မ ၁၈ နဲ့ တရားစွဲထားတယ်၊ ဒီစစ်ကိုင်းက စထွက်တဲ့ အချိန်ကတည်းက ဖွင့်လိုက်တာ၊ အမှုကတော့ဖွင့်ထားတာလေ မစွဲရသေးတာ၊ လူမစုံလို့ မစွဲရသေးတာ၊ အခုသူတို့စုံပြီဆိုတော့ တနင်္လာနေ့ တရားရုံးမှာ ချိန်းထားတယ်"

Myanmar Veneer သစ်အချောထည်စက်ရုံ အလုပ်သမားသပိတ်မှာ ပါဝင်ခဲ့တဲ့ ကိုခိုင်မင်း၊ ကိုအေးချမ်းနဲ့ မစိမ်းလဲ့ခိုင် တို့ ၃ ဦးကို ပုဒ်မ ၁၈ နဲ့ အမှုဖွင့်ထားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့က အလုပ်သမားအခွင့်အရေးအတွက် စစ်ကိုင်းကနေ နေပြည်တော်ကို ချီတက်တောင်း ဆိုခဲ့ကြတဲ့ Myanmar Veneer စက်ရုံ အလုပ်သမားသပိတ်စစ်ကြောင်းကို တပ်ကုန်းမြို့အဝင်မှာ ရဲတပ်ဖွဲ့က ဖြိုခွင်းခဲ့ပါတယ်။

သပိတ်မှာ ပါဝင်ခဲ့သူတွေကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) အပါအဝင် ပုဒ်မ ၃ ခုနဲ့ တပ်ကုန်းမြို့ နယ် တရားရုံးက ထောင်ဒဏ် ၆ လစီ ချမှတ်ခဲ့ရာမှာ သပိတ်ခေါင်းဆောင် ကိုခိုင်မင်းလည်း ပါဝင်ခဲ့ပြီး နိုဝင်ဘာလ ၁၁ ရက်နေ့ကမှ ပခုက္ကူအကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာတာ ဖြစ်ပါတယ်။

ဒါ့အပြင် သပိတ်မှာပါဝင်ခဲ့တဲ့ အလုပ်သမားတွေဟာ အမည်ပျက်စာရင်းသွင်းခံထားရပြီး အဲဒီစာရင်းကို စက်ရုံတွေ ကို ဖြန့်ဝေထားတာကြောင့် အလုပ်ပြန်လည်ရရှိဖို့ အခက်အခဲတွေဖြစ်နေကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org