စစ်ကိုင်းသစ်ချောထည်စက်ရုံကို သပိတ်မှောက်ခဲ့တဲ့ အလုပ်သမား တစ်ရာကျော် အလုပ်ရရှိဖို့ ခက်ခဲ
စစ်ကိုင်းမြို့Myanmar Veneer သစ်အချောထည်စက်ရုံ အလုပ်သမား သပိတ်မှာ ပါဝင်ခဲ့တဲ့ အလုပ်သမား ၁၀၀ ကျော်ဟာ အလုပ်အကိုင်ရရှိဖို့ ခက်ခဲနေကြောင်း စစ်ကိုင်းတိုင်းဒေ သကြီး အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီးထံ ဒီနေ့ တင်ပြခဲ့ပါတယ်။
-
2016-11-16 -
-
-
စစ်ကိုင်းမြို့Myanmar Veneer သစ်အချောထည်စက်ရုံ အလုပ်သမားသပိတ်မှာ ပါဝင်ခဲ့တဲ့ အလုပ်သမား ၁၀၀ ကျော်ဟာ အလုပ်အကိုင်ရရှိဖို့ ခက်ခဲနေကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ စည်ပင်သာယာရေး ဝန်ကြီးထံ ဒီနေ့ တင်ပြခဲ့ပါတယ်။
အလုပ်ရရှိဖို့ အခက်အခဲတွေဖြစ်နေတာကြောင့် စစ်ကိုင်းတိုင်းဝန်ကြီးချုပ်နဲ့ ဒီကနေ့ တွေ့ဆုံဖို့ ခွင့်တောင်းခဲ့ပေ မယ့် တွေ့ခွင့်မရခဲ့ဘဲ စည်ပင်သာယာရေး ဝန်ကြီး နဲ့သာ တွေ့ပြီး တင်ပြခဲ့ရတယ်လို့ သပိတ်ကို ဦးဆောင်ခဲ့တဲ့ အလုပ်သမား အဖွဲ့ခေါင်းဆောင် ကိုခိုင်မင်း က ပြောပါတယ်။
" စည်ပင်သာယာရေးဝန်ကြီးနဲ့ပဲ တွေ့ခဲ့ရတယ်၊ အဲ့ဝန်ကြီးကနေမှ ဝန်ကြီးချုပ်ဆီကို တဆင့်တင်ပြ မယ်ပေါ့နော်၊ ကျနော်တို့တင်ခဲ့တဲ့စာကိုလည်း ဝန်ကြီးချုပ်ဆီ တိုက်ရိုက် ပို့ပေးမယ်ပေါ့နော်၊ ကျနော်တို့ အလုပ်သမားတွေကို လူ့အခွင့်အရေး ချိုးဖောက်ထားတယ်ပေါ့နော်၊ ဒီသပိတ်စစ်ကြောင်း ထဲမှာပါတဲ့ အလုပ်သမားတွေကို Blacklist ပေါ့နော်၊ စာရင်းတွေနဲ့ မှတ်ပုံတင်နံပါတ်တွေ၊ မိဘနာမည်တွေ၊ နေရပ်လိပ် စာတွေနဲ့ အကုန်လုံး အတိအကျနဲ့ ဒီအလုပ်သမားတွေအားလုံး ၁၇၀ ကျော်ကို စက်ရုံတိုင်းကို အကုန်လုံးဖြန့် ထားတယ်ပေါ့နော်" လို့ ပြောပါတယ်။
အလုပ်အကိုင် ရရှိဖို့ အခက်အခဲဖြစ်နေတဲ့ အလုပ်သမားတစ်ရာကျော် ကိုယ်စားလှယ် အလုပ်သမား ၉ ဦးဟာ စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် နဲ့ တွေ့ဆုံဖို့အတွက် မုံရွာမြို့က တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ကို သွားရောက်ခဲ့ပေမယ့် တွေ့ခွင့်မရခဲ့တာကြောင့် တွေ့ခွင့်ရဖို့အတွက် ထပ်မံတောင်းဆို သွားမယ်လို့လည်း ကိုခိုင်မင်း က ပြောပါတယ်။
အလုပ်သမား သပိတ်မှာပါဝင်ခဲ့တဲ့ အလုပ်သမား ၅ ဦး၊ သပိတ်ကို ဝန်းရံခဲ့တဲ့ ကျောင်းသား ၄ ဦး နဲ့ ဝန်းရံပြည်သူ ၃ ဦး တို့ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၁ ရက်နေ့က ပခုက္ကူအကျဉ်းထောင်ကနေ ပြန်လည် လွတ်မြောက်လာတာ ဖြစ် ပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၈ ရက်နေ့က အလုပ်သမားအခွင့်အရေးအတွက် စစ်ကိုင်းကနေ နေပြည်တော်ကို ချီတက် တောင်းဆိုခဲ့ကြတဲ့ Myanmar Veneer သစ်အချော ထည်စက်ရုံ အလုပ်သမားသပိတ် စစ်ကြောင်းကို တပ်ကုန်းမြို့အဝင်မှာ ရဲတပ်ဖွဲ့က ဖြိုခွင်းခဲ့ပြီး သပိတ်မှာ ပါဝင်သူတွေကို နိုင်ငံတော် အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅(ခ) အပါအဝင် ပုဒ်မ ၃ ခုနဲ့ တပ်ကုန်းမြို့နယ် တရားရုံးက ထောင်ဒဏ် ၆ လစီ ချမှတ်ခဲ့တာဖြစ်ပါတယ်။