မန္တလေးမှာ ၂၀၀၈ ဖွဲစည်းပုံ ဖျက်သိမ်းရေးအတွက် ဆန္ဒပြ
2016.11.11

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗကသအဖွဲ့ဝင်တချို့နဲ့ စစ်ကိုင်း သစ်အချောထည်စက်ရုံက အလုပ်သမားတွေ ပူးပေါင်းပြီး မန္တလေးမြို့ မဟာမြတ်မုနိဘုရားမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖျက်သိမ်းပေးဖို့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
ဆန္ဒပြသူအင်အား ၅၀ လောက်ရှိရာမှာ ဒီကနေ့ ရမည်းသင်းမြို့ အကျဉ်းထောင်က လွတ်မြောက်လာတဲ့ ဗကသ ကျောင်းသားတွေနဲ့ သစ်အချောထည်စက်ရုံ အလုပ်သမားတွေ ပါဝင်ပါတယ်။ ဆန္ဒပြသူတစ်ဦးဖြစ်တဲ့ အထက်မြန်မာပြည် ဗကသများအဖွဲ့ချုပ် ဥက္ကဌဟောင်း ကိုသန့်ဇင် က ၂၀၀၈ ဖွဲ့စည်းပုံအကြောင်း အခုလို ပြော ပါတယ်။
"ဒီနေ့ စစ်အာဏာရှင်စနစ် ပျက်သုဉ်းသွားပြီဆိုပေမယ့် စစ်အာဏာရှင်စနစ်ရဲ့ ဒေါက်တိုင်ဖြစ်တဲ့ ၂ဝဝ၈ အခြေခံဥပဒေရှိနေသေးတယ်၊ ဒီ ၂ဝဝ၈ အခြေခံဥပဒေရှိနေသရွေ့ ကျနော်တို့နိုင်ငံဟာ ပြည်တွင်း ငြိမ်းချမ်းရေး၊ ကျောင်းသားရေး၊ လယ်သမားအရေးအားလုံး ပြေလည်မှာမဟုတ်ဘူး"
ဆန္ဒပြသူတွေက ၂၀၀၈ ဖွဲ့စည်းပုံဖျက်သိမ်းရေး၊ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးနဲ့ ဖက်ဒရယ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ်ပေါက်ရေးနဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွတ်မြောက်ရေးအတွက် တောင်း ဆိုကြပါတယ်။
ဆန္ဒပြရာမှာပါဝင်တဲ့ ကျောင်းသားတစ်ဦးဖြစ်တဲ့ ကိုကောင်းဇော်ဟိန်း ကလည်း လက်ရှိ ဖွဲ့စည်းပုံအခြေခံ ဥပဒေဟာ စစ်အာဏာရှင်ရဲ့ ဒေါက်တိုင်ဖြစ်တယ်လို့ ပြောပါတယ်။
ဆန္ဒပြသူတွေဟာ မန္တလေးမြို့ မဟာမြတ်မုနိဘုရားကို ဖူးမြော်ကာ လှည့်လည်ချီတက်ခဲ့ကြပါတယ်။