မြန်မာနဲ့ပတ်သက်ပြီး ရပ်တည်ချက်ပြောင်းမှာမဟုတ်ဘူးလို့ အမေရိကန်ပြော

အမေရိကန်နိုင်ငံဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ရပ်တည်ချက် မပြောင်းလဲဘဲ မြန်မာစစ်တပ်က သွားနေတဲ့ လမ်းကြောင်းပြောင်းသွားအောင် တတ်နိုင်သမျှ သံတမန်ရေး နည်းလမ်းအားလုံးကို အသုံးပြုပြီး ကြိုးစားနေပါတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ RFA ကို ပြောပါတယ်။

အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဒန်နီရယ် ခရစ်တန်ဘရစ် (Daniel Kritenbrink) ၂၀၂၄ ခုနှစ် မေလ ၂၁ ရက်နေ့က ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် မိန့်ခွန်းပြောကြားနေစဉ်။ AFP

အမေရိကန်နိုင်ငံဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ရပ်တည်ချက် မပြောင်းလဲဘဲ မြန်မာစစ်တပ်က သွားနေတဲ့ လမ်းကြောင်းပြောင်းသွားအောင် တတ်နိုင်သမျှ သံတမန်ရေး နည်းလမ်းအားလုံးကို အသုံးပြုပြီး ကြိုးစားနေပါတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ RFA ကို ပြောပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဒန်နီရယ် ခရစ်တန်ဘရစ်ဟာ မကြာခင်က ဗီယက်နမ်နိုင်ငံကို သွားရောက်ခဲ့တဲ့ ခရီးစဉ်အတွင်း မြန်မာစစ်တပ်က ရေတပ်အရာရှိနဲ့ တွေ့ဆုံခဲ့တယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်လို့ RFA က အမေရိကန်နိုင်ငံခြားရေးဌာနကို အီးမေးလ်နဲ့ မေးမြန်းရာမှာ အခုလို တုန့်ပြန်ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

မြန်မာရေတပ်အရာရှိနဲ့ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဒန်နီရယ် ခရစ်တန်ဘရစ်တို့ တွေ့ဆုံခဲ့တယ်ဆိုတာ ဟုတ်မဟုတ်တော့ အတည်ပြုပြောဆိုခြင်း မရှိပါဘူး။

လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဒန်နီရယ် ခရစ်တန်ဘရစ်ဟာ ဗီယက်နမ်နိုင်ငံကို သွားရောက်ခဲ့တဲ့ ခရီးစဉ်အတွင်း ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီး ဘွိုင်သောင်ဆန်နဲ့ တွေ့ဆုံရာမှာ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အကြပ်အတည်းနဲ့ ပတ်သက်ပြီး နှစ်နိုင်ငံလုံး ရင်ဆိုင်နေရတဲ့ စိတ်ခေါ်မှုတွေအကြောင်း ဆွေးနွေးပြောဆိုခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက ပြောပါတယ်။

အမေရိကန်နိုင်ငံဟာ မြန်မာစစ်တပ်က ပြည်သူတွေအပေါ် အကြမ်းဖက်တိုက်ခိုက်မှုတွေကို ရပ်တန့်ဖို့၊ မတရား ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့၊ လူသားချင်းစာနာမှု အကူအညီတွေကို အတားအဆီးမရှိ ပေးခွင့်ပြုဖို့နဲ့ အားလုံးပါဝင် ကိုယ်စားပြုမှုရှိပြီး တိုးတက်တဲ့ ဒီမိုကရေစီစနစ်ဆီကို ပြန်သွားဖို့လိုလားတဲ့ ပြည်သူတွေရဲ့ဆန္ဒကို လေးစားလိုက်နာဖို့ လုပ်ကိုလုပ်ရမယ်ဆိုတဲ့ ပြတ်သားတဲ့ သတင်းစကားကို အကန့်အသတ်နဲ့ ရှိတဲ့ အဆက်အသွယ် လမ်းကြောင်းတွေကနေတစ်ဆင့် ပြောကြားနေပါတယ်လို့ အဲဒီဖြေကြာချက်မှာ ရေးသားထားပါတယ်။

အမေရိကန်နိုင်ငံအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ အခြားနိုင်ငံရေး၊ လူမျိုးစုနဲ့ ဘာသာရေးခေါင်းဆောင်တွေ အပါအဝင် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားမှုမှာ အရေးကြီးတဲ့ ခေါင်းဆောင်တွေနဲ့ ထိတွေ့ဆက်ဆံမှုတွေ မကြာခဏ ဆက်လုပ်နေပါတယ်။ မြန်မာပြည်သူတွေကို ဆက်လက်ပြီး အားပေးထောက်ခံသွားမှာ ဖြစ်ပါတယ် လို့ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org