မြန်မာနိုင်ငံဆိုင်ရာ အောက်လွှတ်တော်အမတ်များအဖွဲ့ ဖွဲ့မည်
မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး အမေရိကန်အစိုးရက ပိုပြီးထိထိရောက်ရောက် ဆောင်ရွက်နိုင်အောင် တွန်းအားပေးဖို့ မြန်မာနိုင်ငံဆိုင်ရာ အောက်လွှတ်တော်အမတ်များအဖွဲ့ကို ပထမဆုံးအကြိမ် ဖွဲ့စည်းမယ်လို့ ရိုက်တာသတင်းက ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ဖော်ပြပါတယ်။
-
RFA Burmese
2024-02-01 -
-
-
စစ်တပ်က အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး အမေရိကန်အစိုးရက ပိုပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်အောင် တွန်းအားပေးဖို့ အမေရိကန်အောက်လွှတ်တော်အမတ်တွေ ပါဝင်ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ အောက်လွှတ်တော်အမတ်များအဖွဲ့ကို ပထမဆုံးအကြိမ် ဖွဲ့စည်းမယ့်အကြောင်း ရိုက်တာသတင်းက ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ဖော်ပြပါတယ်။
မစ်ရှီဂန်ပြည်နယ် ရီပတ်ဘလစ်ကန်အမတ် ဘေလ် ဟိုင်ဇန်ဂါနဲ့ မင်နီဆိုတားပြည်နယ် ဒီမိုကရက်အမတ် ဘက်တီ မက်ကောလင်တို့ ပူးတွဲဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး လွှတ်တော်အမတ် ၃၀ ပါဝင်မယ်လို့ မျှော်လင့်ရတဲ့ အောက်လွှတ်တော်ရဲ့ Burma Caucus အဖွဲ့ဟာ မြန်မာနိုင်ငံ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးအတွက် ကြိုးပမ်းမှုတွေကို ပိုမိုအားပေးမြှင့်တင်ထောက်ခံဖို့ ရည်ရွယ်တယ်လို့ ဒီအမတ်နှစ်ဦးရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံက လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းဟာ အောက်လွှတ်တော်ခေါင်းဆောင်တွေ အရေးတကြီး အာရုံစိုက်ဆောင်ရွက်ဖို့ လိုအပ်တဲ့အခြေအနေ ရောက်လာတယ်လို့လည်း ကြေညာချက်မှာ ဖော်ပြပါတယ်။
ဒီ Burma Caucus အဖွဲ့ဟာ မြန်မာနိုင်ငံအရေးကို ယူကရိန်း၊ ဂါဇာနဲ့ တရုတ်နိုင်ငံအရေးကိစ္စတွေလိုပဲ အမေရိကန်လွှတ်တော်မှာ စဉ်ဆက်မပြတ် အာရုံစိုက်ဆွေးနွေးရမယ့်ကိစ္စအဖြစ် ဆောင်ရွက်မှာဖြစ်ပြီး အောက်လွှတ်တော်ရဲ့ ဆောင်ရွက်ချက် ပိုများလေလေ မြန်မာ့အရေးကို ပိုထိထိရောက်ရောက် ဆောင်ရွက်နိုင်လေ ဖြစ်လိမ့်မယ်လို့ ဒီအဖွဲ့ဖွဲ့စည်းဖို့ ပါဝင်ဆောင်ရွက်ခဲ့တဲ့ Campaign for a New Myanmar အဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။
အမေရိကန်အောက်လွှတ်တော်ဟာ မြန်မာနိုင်ငံက အာဏာသိမ်းဆန့်ကျင်ရေးလှုပ်ရှားနေတဲ့ အဖွဲ့တွေကို လက်နက် မဟုတ်တဲ့ အကူအညီပေးမယ့် ဥပဒေကို မနှစ်က ပြဌာန်းခဲ့ပေမဲ့ မြန်မာ့အရေး အားပေးထောက်ခံသူတွေက ဂျိုးဘိုင်ဒင်အစိုးရကို ဒီထက်မက အကူအအညီပေးဖို့ မျှော်လင့်နေတယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။
ဇန်နဝါရီ ၃၁ ရက်ကလည်း အမေရိကန်အစိုးရဟာ အာဏာသိမ်းစစ်တပ်ကို လက်နက်ထုတ်လုပ်ရာမှာ အကူအညီပေးသူတွေ၊ အရပ်သားပြည်သူတွေကို လေကြောင်းက တိုက်ခိုက်နိုင်ဖို့ လိုအပ်တဲ့လေယာဉ်ဆီ တင်သွင်းရာမှာ ကူညီနေတဲ့ လူပုဂ္ဂိုလ်နဲ့ ကုမ္ပဏီတွေကို ပစ်မှတ်ထားပြီး ပိတ်ဆို့အရေးယူမှုအသစ်တွေ ချမှတ်ခဲ့ပါတယ်။