လပွတ္တာက ၁၉ နှစ်အရွယ် ကျောင်းသားတစ်ဦး စစ်ကြောရေးတွင် သေဆုံး

2022.03.24
လပွတ္တာက ၁၉ နှစ်အရွယ် ကျောင်းသားတစ်ဦး စစ်ကြောရေးတွင် သေဆုံး စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့သည့် ဒုတိယနှစ်ကျောင်းသား ကိုစောမျိုးဆက် ကို တွေ့ရစဥ်
Photo: Citizen Journalist

ဧရာဝတီတိုင်း လပွတ္တာမြို့နယ် အမှတ် (၂) ရပ်ကွက်မှာ နေထိုင်တဲ့ အသက် ၁၉ နှစ်အရွယ် တက္ကသိုလ် ဒုတိယနှစ် ကျောင်းသား ကိုစောမျိုးဆက်ကို စစ်ကောင်စီတပ်သားတွေ ဖမ်းဆီး သွားပြီး ၃ ရက်အကြာမှာပဲ သေဆုံးသွားပါတယ်။

ကိုစောမျိုးဆက်ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) တွေကို ထောက်ပံ့ကူညီနေတယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ မတ်လ ၁၅ ရက်နေ့မှာပဲ ဖမ်ဆီးခေါ်ဆောင်သွားတာဖြစ်ပြီး မတ်လ ၁၇ ရက်နေ့မှာတော့ သေဆုံးခဲ့တာလို့ မိသားစုနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

"ကလေးအလောင်းလည်း ပြန်မပေးဘူးဗျာ၊ မနေ့တစ်နေ့ကတောင် သန်သန်မာမာ ရှိနေတဲ့လူကို ဖမ်းပြီး ၃ ရက် အကြာမှာ သေပြီလို့ပြောတယ်၊ ပိုင်ရှင်မဲ့ပစ္စည်းလို ကလေးအလောင်းတောင် ပြန်မပေးဘဲ သူတို့သဘောနဲ့ သူတို့ လုပ်လိုက်တာ ကျနော်တို့အတွက်တော့ တော်တော်လေး နာကြည်းပါတယ်"

စစ်ကောင်စီဟာ ကိုစောမျိုးဆက်ရဲ့ ရုပ်အလောင်းကို မိသားစုဝင်တွေထံ ပြန်မပေးဘဲ မတ်လ ၁၇ ရက်နေ့မှာပဲ မီးသင်္ဂြိုဟ်လိုက်တယ်လို့ သူက ဆက်ပြောပါတယ်။

ကိုစောမျိုးဆက် သေဆုံးတဲ့ကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ကိုစောမျိုးဆက်ဟာ ရူပဗေဒ ဒုတိယနှစ်ကျောင်းသားတစ်ဦးဖြစ်ပြီး စစ်တပ်အာဏာ သိမ်းပြီးနောက်ပိုင်း ကျောင်းဆက်မတက်ဘဲ စစ်ကောင်စီပညာရေးကို သပိတ်မှောက် ထားသူ ဖြစ်ပါတယ်။

လပွတ္တာမြို့မှာ မတ်လ ၂၄ ရက် ဒီနေ့အထိ ဒေသခံပြည်သူ ၃၀ နီးပါးကို စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးတာတွေ ပြုလုပ်ခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

RFA က ကောက်ယူထားတဲ့ အချက်အလက်တွေအရ စစ်တပ်အာဏာသိမ်းထားတဲ့ တစ်နှစ်တာအတွင်း စစ်ကြောရေးမှာ ဖမ်းဆီးနှိပ်စက်ခံရတာကြောင့် သေဆုံးတဲ့သူ ၁၁၀ ဦးထိ ရှိလာပြီဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။