စစ်ကောင်စီတပ်ဖွဲ့ဝင် ရှစ်ဆယ်ခန့် ထိုင်းဘက် ဝင်ရောက်

ထိုင်းနိုင်ငံ တာ့ခ်ခရိုင် အုန်းဖျန်မြို့နယ် လေးတော်ခိုကျေးရွာမှာ မြန်မာစစ်သား ရှစ်ဆယ်လောက် ရောက်နေတယ်လို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ကရင်ပြည်နယ်မှ စစ်ကောင်စီတပ်စခန်းတစ်ခုအား ၂၀၂၁ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့က တွေ့ရစဉ်။ Handout / Free Burma Rangers / AFP

ထိုင်းနိုင်ငံ တာ့ခ်ခရိုင် အုန်းဖျန်မြို့နယ် လေးတော်ခိုကျေးရွာမှာ မြန်မာစစ်သား ရှစ်ဆယ်လောက် ရောက်နေတယ်လို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဩဂုတ်လ ၃၁ ရက်နေ့က KNLA ပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ထဲက ထီးကလယ်ပယ် စစ်ကောင်စီတပ်စခန်းက စစ်သားတွေ ထွက်ပြေးရင်း ထိုင်းဘက်ကို ရောက်နေတာလို့ KNLA ပူးပေါင်းတပ် တာဝန်ရှိသူက ပြောပါတယ်။

“သူက အုန်းဖျန်ရဲ့ ဟိုဘက်ကို တော်တော်ဝေးသေးတယ် ထီးလောင်စူး ရေတံခွန်တွေရဲ့ အထက်ဖက် ဘုရားသုံးဆူသွားတဲ့ဖက်မှာ ထီးကလယ်ပယ်ရဲ့အထက်ကစခန်းလို့ပြောတယ်၊ အဲဒီစခန်းကို ဒီဘက်က KNU ၊ PDF က သွားတိုက်တော့ စခန်းကုန်းကို ရပြီ၊ လေယာဥ်လာလို့ဆိုပြီးတော့ ပြန်ဆုတ်လာတာ သူတို့လည်းဆုတ်ပြီးပြီဆိုတော့ စခန်းကုန်းမှာ ဘယ်သူမှမရှိတော့ဘူး ဆိုပြီးတော့နေတာ နောက်မှ ဟတ်စကီးလာပြီးတော့ချတာ အယောက် ၅၀လောက် လာချသွားတော့ ပေါင်း ၇၀-၈၀ လောက်အင်အားဖြစ်သွားတော့ သူတို့ကပြန်တိုက်တယ် ပစ်တော့ပြန်တိုက်တော့ ဒီကောင်တွေက ထိုင်းနယ်စပ်ထဲကို ကျွံပြီးတော့ ချောင်းကူးပြီးတော့ဝင်သွားတာ ပြန်မလာရဲဘူးဖြစ်နေတာ ၃ရက်နေ့က နယ်ခြားကော်မတီကိုတိုင်တယ်။”

ထိုင်းနိုင်ငံဘက်ခြမ်းကို ရောက်နေတဲ့ စစ်ကောင်စီ စစ်သားတွေဟာ အရှေ့တောင်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်း ၅၆၁၊ ၃၃၉၊ ၅၅၇ တို့ကဖြစ်ပြီး စက်တင်ဘာလ ၂ ရက် နေ့ကတည်းက ရောက်နေတာဖြစ်တယ်လို့ KNLA ရဲ့ သတင်း အချက်အလက်တွေအရ သိရပါတယ်။

အခုလိုမြန်မာစစ်သားတွေ ရောက်ရှိနေတာနဲ့ပတ်သက်လို့ တာ့ခ်ခရိုင် အုပ်ချုပ်ရေးဌာန၊ ခရိုင် စစ်ဒေသ ထိုင်းတော်ဝင်တပ်မတော်ထံ အီးမေးလ်ကတဆင့် မေးမြန်းထားပေမဲ့ ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။

ထိုင်းကျေးရွာထဲ မြန်မာစစ်တပ် ရောက်ရှိနေတာကြောင့် လေးတော်ခိုကျေးရွာမှာနေထိုင်တဲ့ ဒေသခံတွေ စိုးရိမ်ထိတ်လန့်နေကြပါတယ်။ ထိုင်းစစ်တပ်နဲ့ ကျေးရွာကာကွယ်ရေး တပ်တွေကတော့ အခြေအနေကို စောင့်ကြည့်နေတယ်လို့ အဲဒီရွာက ထိုင်းကရင် ကျေးရွာလူကြီးတစ်ဦးက RFA ကိုပြောပါတယ်။

“အခု ထိုင်းနယ်စပ်မှာ စစ်တပ်က ဝင်လာတယ် အခုထိမပြန်သေးဘူး၊ လေးတောခိုဘက်ပေါ့နော် တပ်မဟာ ၆ နို့ဖိုးအကျော် အဲဒီမှာ စခန်းချတာပေါ့ အခုထိမပြန်သေးဘူး၊ ထိုင်းနယ်စပ်လုံခြုံရေးတွေ စစ်တပ်တွေရော၊ (တောချဒေါ) ကျေးရွာလုံခြုံရေးတပ်ဖွဲ့တွေရော သူတို့အကုန်သိတယ်၊ ဒါပေမဲ့ ဘန်ကောက်က ဘာမှ မညွှန်ကြားလို့ သူတို့ဘာမှမလုပ်ရဲဘူး ပထမတစ်ချက်၊ ဒုတိယတစ်ချက်က ဒီစစ်တပ်တွေက ထိုင်းနိုင်ငံကို ကျော်လာပြီးတော့ လာတာက ထိုင်းပြည်သူလူထုတွေအတွက်ရော ကရင်ကွန်မြူနတီတွေပေါ့ နယ်စပ်မှာရှိတဲ့ ပြည်သူလူထုတွေအတွက်ရော လုံခြုံရေးစိုးရိမ်စရာရှိတာပေါ့။”

ဒီအခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီ ပြန်ကြားရေးတာဝန်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းပေမဲ့ ဖုန်းမဖြေပါဘူး။

လက်ရှိ ကြာအင်းဆိပ်ကြီး မြို့နယ်ထဲမှာ ကျိုက်ဒုံဒေသထဲက ကွီလုံတိုင် စစ်စခန်း၊ ကျိုက်ဒုံ စစ်ဗျူဟာ၊ ပိုင်ကလန် နယ်စပ် စစ်စခန်း၊ ထီးကလယ်ပယ် စစ်စခန်းနေရာတွေ ကို KNLA တပ်ရင်း ၁၆ အပါအဝင် မဟာမိတ် ပူးပေါင်းစစ်ကြောင်းတွေက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာ၊ ပျောက်ကြားစစ်ဆင်ရေးနဲ့ တိုက်ခိုက်တာတွေ ဆက်ရှိနေတယ်လို့ KNLA ပူးပေါင်းတပ်တွေက သတင်းထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org