မြန်မာနိုင်ငံမှာ လူသုံးသန်းခန့် စားနပ်ရိက္ခာမလုံလောက်မှု အရေးပေါ်အခြေအနေ ကြုံတွေ့နိုင်

မြန်မာနိုင်ငံမှာ ၂၀၂၄ ခုနှစ် ဇွန်လကနေ ဩဂုတ်လအထိ သုံးလအတွင်း လူ ၂ ဒသမ ၇ သန်းဟာ စားနပ်ရိက္ခာမလုံလောက်မှု အရေးပေါ်အခြေအနေနဲ့ ကြုံတွေ့နိုင်ပါတယ်။

ကယား (ကရင်နီ) ပြည်နယ်မှ တိုက်ပွဲတွေကြောင့် ထွက်ပြေးနေရသည့် စစ်ဘေးဒုက္ခသည်များအား ၂၀၂၄ ခုနှစ်၊ မေလ ၂၂ ရက်နေ့က တွေ့ရစဉ်။ ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်

မြန်မာနိုင်ငံမှာ ၂၀၂၄ ခုနှစ် ဇွန်လကနေ ဩဂုတ်လအထိ သုံးလအတွင်း လူ ၂ ဒသမ ၇ သန်းဟာ စားနပ်ရိက္ခာမလုံလောက်မှု အရေးပေါ်အခြေအနေနဲ့ ကြုံတွေ့နိုင်တယ်လို့ နိုင်ငံတကာအဖွဲ့အစည်းတွေဖြစ်တဲ့ WFP နဲ့ FAO တို့က အစီရင်ခံစာ ထုတ်ပြန်ပါတယ်။

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) နဲ့ ကုလသမဂ္ဂ စိုက်ပျိုးရေးနဲ့ စားနပ်ရိက္ခာအဖွဲ့ (FAO) တို့က ဇွန်လ ၅ ရက်မှာ ပူးတွဲအစီရင်ခံစာ ထုတ်ပြန်ခဲ့တာပါ။

မြန်မာနိုင်ငံအတွင်း ပဋိပက္ခတွေပြင်းထန်လာတာကြောင့် နေရပ်စွန့်ခွာထွက်ပြေးသူ အရေအတွက် တိုးလာနေသလို အစားအသောက်နဲ့ အကူအညီပေးရေးကိစ္စတွေလည်း ကန့်သတ်ခံထားရတယ်လို့ အစီရင်ခံစာမှာ ပြောထားပါတယ်။

အရေးပေါ်အခြေအနေ ကြုံရနိုင်တဲ့ လူဦးရေ ၂ ဒသမ ၇ သန်းအပြင် နောက်ထပ် လူဦးရေ ၁၀ ဒသမ ၆ သန်းကလည်း စားနပ်ရိက္ခာမလုံလောက်မှုကို ၂၀၂၄ ခုနှစ်အတွင်း ကြုံတွေ့ရနိုင်တယ်လို့ ဆိုပါတယ်။

ကလေးငယ် လေးသိန်းကျော် (၄၂၈,၀၀၀) လည်း အစာအာဟာရချို့တဲ့မှုနဲ့ ဆိုးဆိုးရွားရွား ရင်ဆိုင်ကြုံတွေ့နိုင်ပြီး ၂၀၂၃ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် ၅၄ ရာခိုင်နှုန်း မြင့်တက်လာတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ကုလသမဂ္ဂကလည်း မြန်မာနိုင်ငံမှာ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းဟာ စံချိန်တင်မြင့်တက်လာတဲ့ နေရပ်စွန့်ခွာမှု အခြေအနေတွေကြောင့် အန္တရာယ်ကြီးမားတဲ့ အခြေအနေကိုရောက်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org