နေရပ်ပြန်မပို့ဖို့ မဏိပူရ်ထောင်က မြန်မာအကျဉ်းသားတွေ အစာငတ်ခံဆန္ဒပြနေ

မဏိပူရ်ပြည်နယ် အင်ဖာအကျဉ်းထောင်က မြန်မာအကျဉ်းသားတွေဟာ နေရပ်ပြန်မပို့ဖို့နဲ့ ပြန်လွှတ်ပေးဖို့ ဆက်လက် အစာငတ်ခံ တောင်းဆိုဆန္ဒပြနေကြပါတယ်။

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်ရှိ အင်ဖာအကျဉ်းထောင်ကို တွေ့ရစဉ်။ e-pao.net photo

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ အင်ဖာအကျဉ်းထောင်က မြန်မာအကျဉ်းသားတွေဟာ သူတို့ကို မြန်မာပြည် ပြန်မပို့ဖို့ ဆက်လက် အစာငတ်ခံဆန္ဒပြနေကြကြောင်းနဲ့ အကျဉ်းထောင်က လွှတ်ပေးဖို့ တောင်းဆိုနေကြကြောင်း အိန္ဒိယသတင်းတစ်ပုဒ်က ဖော်ပြပါတယ်။

ဒီအကျဉ်းသားတွေ အစာငတ်ခံဆန္ဒပြနေတာ ဆယ်ရက်ကျော်ကြာနေပြီလို့လည်း ရေးသားထားပါတယ်။

မြန်မာအကျဉ်းသားတွေဟာ ထောင်ဒဏ်တွေ ငွေဒဏ်တွေကျခံခဲ့ပြီးနောက် စစ်ကောာင်စီထံ ပြန်လွှဲပြောင်းပေးမှာကို စိုးရိမ်နေတယ်လို့ ဗမာပြည်ဒုက္ခသည်များကော်မတီ ကဘော်ချိုင့်ဝှမ်းဒေသ (BRCK) က ဆိုကြောင်း ဖော်ပြပါတယ်။

ထောင်အာဏာပိုင်တွေက အသံဗုံးတွေ၊ ရာဘာကျည်တွေအပြင် သေနတ်နဲ့ ပစ်ပြီးတောင် ဆန္ဒပြမှုကို အလွန်အကျွံအင်အားသုံး ဖြိုခွင်းခဲ့တယ်လို့ BRCK က စွပ်စွဲထားကြောင်း သတင်းက ဆိုပါတယ်။

မြန်မာအကျဉ်းသားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးဖို့ အိန္ဒိယအစိုးရနဲ့ မဏိပူရအစိုးရတို့ကို BRCK က ဗုဒ္ဓဟူးနေ့က ကြေညာချက်ထုတ် တိုက်တွန်းထားပါတယ်။

အကြမ်းဖက် ဖိနှိပ်မှုတွေ အဆုံးသတ်ဖို့နဲ့ အကျဥ်းသားတွေကို မြန်မာပြည် ပြန်ပို့တာတွေ ရပ်တန့်ဖို့ BRCK က တောင်းဆိုထားပြီး စစ်ကောင်စီထံ ပြန်လွှဲပြောင်းပေးရင် သူတို့အတွက် အသက်အန္တရာယ်ရှိတယ်လို့လည်း ဆိုပါတယ်။

မြန်မာအကျဉ်းသားတွေ ပြစ်ဒဏ်ကျခံပြီး ပြန်လွတ်မြောက်လာချိန်မှာလည်း သူတို့နေရပ်တွေကို စိတ်ချလက်ချ မပြန်နိုင်မချင်း နယ်စပ်ဒေသတွေမှာ ယာယီနေထိုင်ခွင့်ပေးဖို့လည်း BRCK က တောင်းဆိုထားပါတယ်။

လက်ရှိ အင်ဖာအကျဉ်းထောင်မှာ အမျိုးသား ၉၇ ယောက် နဲ့ အမျိုးသမီး ၄၄ ယောက် စုစုပေါင်း မြန်မာ ၁၄၁ ယောက်ရှိပြီး အများစုက ပြစ်ဒဏ်တွေ ပြီးဆုံးသွားပေမဲ့ အကျဥ်းထောင်ထဲမှာ ရှိနေဆဲပဲလို့ သတင်းက ဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org