အစိုးရက သတင်းလွတ်လပ်ခွင့်ကို အကာအကွယ်ပေးဖို့ ပျက်ကွက်

မြန်မာနိုင်ငံမှာ စစ်အုပ်ချုပ်ရေးကနေ ပြည်သူလူထုက တခဲနက်ရွေးကောက်တင်မြှောက်လိုက်တဲ့ အစိုးရသစ်အနေနဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့်ကို အကာအကွယ်ပေးဖို့ ပျက်ကွက်နေတယ် လို့ မြန်မာသတင်းသမားတွေ ခံစားနေကြကြောင်း လေ့လာချက်တရပ်က ဖေါ်ပြပါတယ်။

ပြည်သူ့လွှတ်တော်မှာ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့က သတင်းယူနေတဲ့ သတင်းထောက်တွေကို တွေ့ရစဉ် Photo: NLD Chairperson Facebook

မြန်မာနိုင်ငံမှာ စစ်အုပ်ချုပ်ရေးကနေ ပြည်သူလူထုက တခဲနက်ရွေးကောက်တင်မြှောက်လိုက်တဲ့ အစိုးရသစ်အနေ နဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့်ကို အကာအကွယ်ပေးဖို့ ပျက်ကွက်နေတယ်လို့ မြန်မာသတင်းသမားတွေ ခံစားနေ ကြကြောင်း လေ့လာချက်တရပ်က ဖေါ်ပြပါတယ်။

မနေ့က ကျရောက်တဲ့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့မှာ ထုတ်ပြန်ခဲ့တာပါ။ Free Expression Myanmar အဖွဲ့ အပါအဝင် မိတ်ဖက်အဖွဲ့တွေက ဇန်နဝါရီနဲ့ ဧပြီလအတွင်း မြန်မာ သတင်းသမား ၂ဝဝ ကို တွေ့ဆုံမေးမြန်းခဲ့ရာမှာ၊ တဝက်နီးပါးက ပြီးခဲ့တဲ့နှစ်ကထက် လွပ်လပ်ခွင့်ပိုနည်းလာကြောင်း၊ လက်ရှိအစိုးရရဲ့ ရွေးကောက်ပွဲကြွေးကြော်သံ ထဲမှာ သတင်းလွတ်လပ်ခွင့်ကို မြှင့်တင်မယ်လို့ဆိုခဲ့ပေမယ့် လက်တွေ့အကောက်အထည်မပေါ်ဘဲ ဖြစ်နေတဲ့ အတွက် စိတ်ပျက်ရတယ်လို့ ပြောဆိုကြတယ်လို့ ဖေါ်ပြပါတယ်။

သဘောထားကောက်ခံချက်မှာပါဝင်တဲ့ သတင်းလွတ်လပ်ခွင့်ကို အကာအကွယ်ပေးရာမှာ အစိုးရရဲ့ အောင်မြင်မှု ရာနှုန်း ဆိုတဲ့မေးခွန်းအတွက် သတင်းသမား ၇၉ ရာနှုန်းက နိမ့်၊ အလွန်နိမ့်လို့ အဖြေပေးကြကြောင်း သိရပါတယ်။

လေ့လာချက် ရလဒ်တွေနဲ့ပတ်သက်ပြီး အစိုးရ ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးကို ရိုက်တာသတင်းက မေးမြန်းရာ မှာ၊ ပြန်ကြားရေးဝန်ကြီးဌာနကိုမေးဖို့ ပြောဆိုကြောင်း၊ ဒါပေမဲ့ ပြန်ကြားရေးဝန်ကြီးဌာနက အရာရှိသုံးဦး ကို မေးမြန်းရာမှာ သဘောထားမှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ကြပြီး၊ တခြားအရာရှိတွေကို မေးဖို့သာ တုံ့ပြန်ခဲ့ကြတယ်လို့လည်း ဖေါ်ပြပါတယ်။

PEN Myanmar နဲ့ မိတ်ဖက် ၁၈ ဖွဲ့ရဲ့ ကောက်ခံချက်အရလည်း မြန်မာနိုင်ငံက လွတ်လပ်စွာ ထုတ်ဖော်ပြောကြား ခွင့်နဲ့ မီဒီယာလွတ်လပ်ခွင့်ဟာ သိသိသာသာ ခြိမ်းခြောက်ခံနေရတယ်လို့ ပြည်တွင်း အရပ်ဘက်အဖွဲ့အစည်းတွေ နဲ့ သတင်းစာဆရာတွေက ပြောကြားကြကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org