မြန်မာအပါအဝင် နိုင်ငံတချို့မှာ ဖန်လုံအိမ် ဓာတ်ငွေ့လျှော့ချရေး ကြိုးပမ်းဖို့ ကုလတိုက်တွန်း
မြန်မာအပါအဝင် ဖွံ့ဖြိုးမှုအနိမ့်ကျဆုံး စာရင်းဝင်နိုင်ငံ (LDC) ၄၅ နိုင်ငံရဲ့ အကျိုးစီးပွားအတွက် ပါရီသဘောတူညီအတိုင်း ကာဗွန်ဈေးကွက်မှာ ပါဝင်ယုံနဲ့ မလုံလောက်ဘဲ နောက်ထပ် ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။
-
RFA Burmese
2024-11-06 -
-
-
မြန်မာအပါအဝင် ဖွံ့ဖြိုးမှုအနိမ့်ကျဆုံး စာရင်းဝင်နိုင်ငံ (LDC) ၄၅ နိုင်ငံရဲ့ အကျိုးစီးပွားအတွက် ပါရီသဘောတူညီအတိုင်း ကာဗွန်ဈေးကွက်မှာ ပါဝင်ယုံနဲ့ မလုံလောက်ဘဲ နောက်ထပ် ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်လုပ်ဆောင်ဖို့ လိုအပ်ကြောင်း ကုလသမဂ္ဂ ကုန်သွယ်ရေးနဲ့ ဖွံ့ဖြိုးရေးအဖွဲ့ (UNCTAD) နိုဝင်ဘာလ ၅ ရက်နေ့မှာထုတ်ပြန်တဲ့ ဖွံ့ဖြိုးမှုအနိမ့်ကျဆုံးနိုင်ငံများ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
ကာဗွန်ဈေးကွက်လို့ခေါ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုက် အပါအဝင် ရာသီဥတုပြောင်းလဲမှုကို ဖြစ်စေတဲ့ တခြားဖန်လုံအိမ် ဓာတ်ငွေ့လျှော့ချတဲ့ လုပ်ငန်းတွေမှာ ပူးပေါင်းပါဝင်ဖို့ UNCTAD က တိုက်တွန်းထားတာပါ။ ကာဗွန်စျေးကွက်မှာ ခိုင်မာတဲ့မူဝါဒ၊ မြင့်မားတဲ့ စံချိန်စံညွှန်းနဲ့ ပူးပေါင်းဆောင်ရွက်မှုရှိတဲ့ စျေးကွက်မူဘောင်တွေ လိုအပ်နေသေးတယ်လို့ ဆိုပါတယ်။
ပါရီသဘောတူညီချက်ကို လိုက်နာတဲ့ဈေးကွက်နဲ့ ပုဂ္ဂလိကလုပ်ငန်းတွေက လည်ပတ်နေတဲ့ လွတ်လပ်တဲ့ စျေးကွက်ကြားမှာလည်း မသေချာမရေရာမှုတွေ ရှိနေဆဲပဲလို့လည်း UNCTAD က ပြောပါတယ်။
ကမ္ဘာလုံးဆိုင်ရာ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုမှာ ဖွံ့ဖြိုးမှုနိမ့်ကျတဲ့ နိုင်ငံတွေက ၄ ရာခိုင်နှုန်းအောက်သာ ပါဝင်နေပေမဲ့ ဆိုးဝါးတဲ့ ရာသီဥတုဘေးဒဏ်တွေကို ရင်ဆိုင်နေရတယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုနဲ့ သူ့ရဲ့ ဆိုးကျိုးတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ကမ္ဘာ့ခေါင်းဆောင်တွေက ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှု ညီလာခံကို ပြစ်သစ်နိုင်ငံပါရီမြို့မှာ ကျင်းပခဲ့ပြီး ပါရီသဘောတူညီချက်ကို ချမှတ်နိုင်ခဲ့ပါတယ်။
ပါရီသဘောတူညီချက်ထဲမှာ ဒီရာစုနှစ်အတွင်း ကမ္ဘာကြီးရဲ့ အပူချိန်တိုးလာတာကို ၁ ဒသမ ၅ ဒီဂရီအထိ ကန့်သတ်ဖို့အတွက် ကမ္ဘာလုံးဆိုင်ရာ ဖန်လုံအိမ် ဓာတ်ငွေ့ထုတ်လုပ်မှုကို လျှော့ချဖို့၊ ရာသီဥတုပြောင်းလဲမှုကို လျော့ပါးသက်သာစေဖို့နဲ့ ရာသီဥတုသက်ရောက်မှုတွေကို လိုက်လျောညီထွေဖြစ်စေမဲ့ စွမ်းအင်မြှင့်တင်ဖို့အတွက် ဖွံ့ဖြိုးမှုနိမ့်ကျတဲ့နိုင်ငံတွေကို ဘဏ္ဍာငွေပံ့ပိုးပေးမှုတွေ ပါဝင်ပါတယ်။
UNCTAD ရဲ့ ၂၀၂၄ ခုနှစ် ဖွံ့ဖြိုးမှုအနိမ့်ကျဆုံးနိုင်ငံ ၄၅ နိုင်ငံထဲမှာ အာရှက ရှစ်နိုင်ငံပါဝင်ပြီး မြန်မာ၊ လာအို၊ ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယား၊ အရှေ့တီမော၊ နီပေါ၊ အာဖဂန်နစ်စတန်နဲ့ ယီမင်နိုင်ငံတို့ ဖြစ်ပါတယ်။
မြန်မာနိုင်ငံကဟာ ဖွံ့ဖြိုးမှုအနည်းဆုံး ( LDC) နိုင်ငံအဖြစ် ၁၉၈၇ ခုနှစ်ကတည်းက သတ်မှတ်ခံထားရတာ ဖြစ်ပါတယ်။