ကွပ်မျက်မှုနဲ့ပတ်သက်တဲ့ နိုင်ငံတကာရဲ့ပြစ်တင်ရှုတ်ချမှုတွေကို စစ်ကောင်စီကန့်ကွက်ပယ်ချ

ဒီမိုကရေစီရေးလှုပ်ရှားသူ လေးယောက်ကို ကွပ်မျက်မှုနဲ့ပတ်သက်ပြီး ပြစ်တင်ရှုတ်ချကြောင်း ဒေသတွင်း၊ ပြည်ပနိုင်ငံအချို့နဲ့ နိုင်ငံတကာအဖွဲ့အစည်းအချို့က ထုတ်ပြန်ခဲ့တဲ့အပေါ် ပြင်းထန်စွာကန့်ကွက်ပယ်ချတယ်လို့ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ၂၀၁၈ ခုနှစ်၊ ဖေ‌ဖော်ဝါရီလ ၂ ရက်နေ့က တွေ့ရစဉ်။ Photo: Reuters

ဒီမိုကရေစီရေးလှုပ်ရှားသူ လေးယောက်ကို ကွပ်မျက်မှုနဲ့ပတ်သက်ပြီး ပြစ်တင်ရှုတ်ချကြောင်း ဒေသတွင်း၊ ပြည်ပနိုင်ငံအချို့နဲ့ နိုင်ငံတကာအဖွဲ့အစည်းအချို့က ထုတ်ပြန်ခဲ့တဲ့အပေါ် ပြင်းထန်စွာကန့်ကွက်ပယ်ချတယ်လို့ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ပါတယ်။

နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူတွေရဲ့ လုံခြုံရေးအတွက် အဲဒီလေးဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ ရာဇသတ်ကြီးပါ ပြဋ္ဌာန်းချက်ပုဒ်မတွေနဲ့ ဥပဒေနဲ့အညီ ထိရောက်စွာ အရေးယူခဲ့တာဖြစ်တယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ကြေညာချက်မှာ ပါရှိပါတယ်။

နိုင်ငံတကာအဖွဲ့အစည်းနဲ့ နိုင်ငံတွေဟာ နိုင်ငံအချင်းချင်းဆက်ဆံရာမှာ တစ်နိုင်ငံရဲ့ အချုပ်အခြာအာဏာကို တစ်နိုင်ငံက လေးစားရေး၊ တစ်နိုင်ငံရဲ့ ပြည်တွင်းရေးကို အခြားတစ်နိုင်ငံက ဝင်ရောက်စွက်ဖက်မှုမပြုရေး၊ နိုင်ငံအချင်းချင်း တန်းတူညီမျှရှိမှုကို လေးစားလိုက်နာရေး အခြေခံမူတွေကို လိုက်နာကျင့်သုံးသွားရမှာဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

အခုလို ဝေဖန်ပြစ်တင်မှုတွေဟာ မြန်မာနိုင်ငံရဲ့ပြည်တွင်းရေးကို စွက်ဖက်ရာရောက်ပြီး အကြမ်းဖက်လုပ်ရပ်တွေကို သွယ်ဝိုက်အားပေးရာရောက်စေတာကို သတိပြုမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

အကြမ်းဖက်လုပ်ရပ်တွေကြောင့် သေဆုံး၊ ဒဏ်ရာရခဲ့ကြတဲ့ အပြစ်မဲ့ပြည်သူတွေနဲ့ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးအခြေခံအဆောက်အအုံတွေ ပျက်စီးဆုံးရှုံးခဲ့ရတာကို လျစ်လျူရှုပြီး အခုလို တစ်ဖက်သတ်ထုတ်ပြန်တဲ့ ကြေညာချက်တွေကို ကန့်ကွက်ပယ်ချလိုက်တယ်လို့လည်း စစ်ကောင်စီရဲ့ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org