ရွေးကောက်ပွဲနဲ့ ငြိမ်းချမ်းရေးညီလာခံကျင်းပရေး မြောက်ပိုင်းသုံးဖွဲ့နဲ့ စစ်ကောင်စီဆွေးနွေး

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဟာ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နဲ့ မတ်လ ၂၂ ရက်နေ့မှာတွေ့ဆုံခဲ့ပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌနှင့် UWSP၊ NDAA၊ SSPP မှ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံခဲ့စဉ်။ Myanmar Military

မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင် သုံးဖွဲ့ဟာ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နဲ့ ရွေးကောက်ပွဲကျင်းပရေး၊ ငြိမ်းချမ်းရေးညီလာခံ ကျင်းပရေးကိစ္စတွေကို မတ်လ ၂၂ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

“ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)၊ မိုင်းလား ခေါ် အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA) နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) ကိုယ်စားလှယ်အဖွဲ့ ဟာ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်တဲ့အဖွဲ့နဲ့ နေပြည်တော်က အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာနမှာ တွေ့ဆုံခဲ့ကြတာလို့ စစ်ကောင်စီပိုင်သတင်းဌာနတွေက မတ်လ ၂၂ ရက်နေ့ညက ကြေညာခဲ့တာဖြစ်ပါတယ်။

အဲဒီတွေ့ဆုံပွဲမှာ အဖွဲ့အသီးသီးရဲ့ လိုလားချက်တွေ၊ ဒေသဖွံ့ဖြိုးတည်ငြိမ်ရေး၊ ရွေးကောက်ပွဲကျင်းပရေးကိစ္စ၊ ငြိမ်းချမ်းရေးညီလာခံကျင်းပရေးကိစ္စနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပါပုဒ်မတချို့ကို ပြင်ဆင်ရေးတို့ကို ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

ဆွေးနွေးချက်တွေကို မတ်လ ၂၃ ရက်နေ့မှာ သဘောတူညီချက် လက်မှတ်ရေးထိုးကြမှာ ဖြစ်တယ်လို့လည်း သတင်းမှာ ကြေညာခဲ့ပါတယ်။ ဆွေးနွေးချက်တွေနဲ့ပတ်သက်တဲ့ အသေးစိတ်ကိုတော့ ထုတ်ပြန်ကြေညာတာ မရှိသေးပါဘူး။ ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ အဖွဲ့သုံးဖွဲ့ကို RFA က ဆက်သွယ်ဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။

ဒီလက်နက်ကိုင်အဖွဲ့ သုံးဖွဲ့ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလကလည်း စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးအဖွဲ့နဲ့ တွေ့ဆုံခဲ့ပါတယ်။

(FPNCC)ဒုတိယအကြိမ် အစည်းအဝေးအား ၂၀၁၈ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့က ‘ဝ’ ပြည်နယ် ပန်ဆန်းမြို့တွင် ကျင်းပခဲ့စဉ်။ ( Photo: Nyi Rang)

မတ်လ ၂၂ရက်နေ့ တွေ့ဆုံပွဲမတိုင်ခင်မှာ UWSP၊ NDAA၊ SSPP နဲ့ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ရက္ခိုင့်တပ်တော် (AA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တို့ဟာ ပန်ဆန်းမြို့မှာ မတ်လ ၁၅ ရက်နဲ့ ၁၆ ရက် နှစ်ရက်ကြာ တွေ့ဆုံခဲ့ကြပါသေးတယ်။

အဲဒီနှစ်ရက်ကြာဆွေးနွေးပွဲမှာတော့ မြန်မာပြည်တွင်း ပဋိပက္ခတွေ ပြေလည်ဖို့ တရုတ်နိုင်ငံ ကြားဝင်ဆောင်ရွက်တာကို ကြိုဆိုကြောင်း၊ ပြည်မနဲ့ တိုင်းရင်းသားဒေသ ငြိမ်းချမ်းရေးတည်ဆောက်ဖို့ လူနည်းစုတိုင်းရင်းသားတွေရဲ့ အင်အားနဲ့ အစွမ်းအစတွေကိုသာ အားကိုးကြရမှာဖြစ်ကြောင်းနဲ့ နယ်စပ်ဒေသတည်ငြိမ်ဖို့ တရုတ်အစိုးရနဲ့ ဆက်လက် လက်တွဲလုပ်ကိုင်သွားမှာဖြစ်ကြောင်း ကြေညာချက်ထုတ်ခဲ့ပါတယ်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် ခေါင်းဆောင်တချို့ဟာ ပန်ဆန်းဆွေးနွေးပွဲအပြီးမှာ တရုတ်အစိုးရရဲ့အထူးကိုယ်စားလှယ် တိန့်ရှီကျန်နဲ့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ သွားရောက်တွေ့ဆုံခဲ့ကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org