ကော့ကရိတ် ကမ်းနီရွာဘုန်းကြီးကျောင်း ဗုံးကြဲခံရပြီး ခြောက်ဦးသေ၊ ၂၅ ဦးဒဏ်ရာရ

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကမ်းနီရွာဘုန်းကြီးကျောင်း ဧပြီလ ၁၅ ရက်နေ့မှာ ဗုံးကြဲတိုက်ခိုက်ခံရလို့ အရပ်သားခြောက်ဦးသေဆုံးခဲ့ပြီး သံဃာဆယ်ပါး အပါအဝင် ၂၅ ဦးထက်မနည်း ဒဏ်ရာရသွားပါတယ်။

ကမ်းနီရွာ ဗုံးကြဲခံရမှုကြောင့် ဒဏ်ရာရသူများအား ၂၀၂၅ ခုနှစ် ဧပြီလ ၁၅ ရက်တွင် မော်လမြိုင်ပြည်သူ့ဆေးရုံ၌ ဆေးကုသမှု ခံယူနေစဉ်။ Facebook/Min Ko

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကမ်းနီရွာဘုန်းကြီးကျောင်းကို ဧပြီလ ၁၅ ရက် သင်္ကြန်အကြတ်နေ့မှာ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သားခြောက်ဦးသေဆုံးခဲ့ပြီး သံဃာဆယ်ပါး အပါအဝင် ၂၅ဦးထက်မနည်း ဒဏ်ရာရသွားတယ်လို့ ကမ်းနီရွာဒေသခံတွေက RFA ကိုပြောပါတယ်။

ဒဏ်ရာရသူတွေကို မော်လမြိုင် မြို့ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ဥပုသ်စောင့်တဲ့ သူတွေကို ဘုန်းကြီးက အကုန်လုံးပြန်ခိုင်းတာ။ အဲ့လိုပြန်ခိုင်းပြီးမကြာဘူး လေယာဉ်က ဗုံးလာကြဲတာ။ အဲ့တော့ ဘုန်းကြီးကျောင်းမှာ လူသိပ်မကျန်တော့လို့ ဒီလောက်ပဲ ထိခိုက်တာ။ မနက်ပိုင်းဆိုရင် ပိုဆိုးမှာ ၊အခု ဒဏ်ရာရသူတွေ မော်လမြိုင်ဆေးရုံရောက်နေပြီ”

ကမ်းနီရွာအနီး ဧပြီလ ၁၄ ရက်ညပိုင်းကစလို့ ကျုံဒိုးမြို့အခြေစိုက် စစ်ကောင်စီတပ် ခြေမြန်တပ်ရင်း ခမရ ၅၄၅ ၊ ၅၄၆ နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်(KNLA) တို့အကြား တိုက်ပွဲဖြစ်ပွားနေတယ်လို့ သူကပြော ပါတယ်။

လေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာမရှိပါဘူး။

RFA ကပြုစုထားတဲ့စာရင်းတွေအရ သင်္ကြန် အကြိုနေ့ ဧပြီ ၁၃ ရက်ကနေ အကြတ်နေ့ ဧပြီ ၁၅ ရက်အထိ လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ကရင်ပြည်နယ် နဲ့ ရခိုင်ပြည်နယ်မှာ သံဃာတော်တွေ အပါအဝင် ၁၁ ဦးသေဆုံးခဲ့ပြီး၊ နောက်ထပ် ၅၁ ဦးဒဏ်ရာရခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org