ကမ္ဘာ့ပဋိပက္ခ ညွှန်းကိန်းမှာ မြန်မာနိုင်ငံ အဆင့် ၂ ရပ်တည်
၂၀၂၄ ခုနှစ် ပထမခြောက်လတာအတွက် ကမ္ဘာ့ပဋိပက္ခညွှန်းကိန်းမှာ မြန်မာနိုင်ငံက အဆင့် ၂ ရပ်တည်နေတယ်လို့ စစ်မြေပြင် သတင်းအချက်အလက်တွေကို လေလာစောင့်ကြည့်နေတဲ့ ACLED သုတေသနအဖွဲ့က ဖော်ပြလိုက်ပါတယ်။
-
RFA Burmese
2024-08-07 -
-
-
၂၀၂၄ ခုနှစ် ပထမခြောက်လတာအတွက် ကမ္ဘာ့ပဋိပက္ခညွှန်းကိန်းမှာ မြန်မာနိုင်ငံက အဆင့် ၂ မှာ ရှိနေတယ်လို့ စစ်မြေပြင်သတင်းအချက်အလက်တွေကိုလေလာစောင့်ကြည့်နေတဲ့ သုတေသနအဖွဲ့Armed Conflict Location & Event Data Project (ACLED) က ဩဂုတ်လ ၆ ရက်နေ့ အစီရင်ခံစာမှာ ဖော်ပြလိုက်ပါတယ်။
လက်နက်ကိုင်အဖွဲ့အစည်း အမြောက်အမြားရှိနေတဲ့ မြန်မာနိုင်ငံဟာ ပါလက်စတိုင်း ဂါဇာကမ်းမြောင်ဒေသပြီးရင် ကမ္ဘာမှာ ဒုတိယမြောက် အန္တရာယ်အရှိဆုံးနိုင်ငံ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီပဋိပက္ခညွှန်းကိန်းကို လူသေဆုံးမှု၊ အရပ်သားတွေအပေါ် ကျရောက်တဲ့အန္တရာယ်၊ ပဋိပက္ခပြန့်ပွားမှုနဲ့ ပဋိပက္ခဖြစ်ပွားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းများပြားမှုတွေအပေါ် မူတည်ပြီး ACLED က ခြောက်လတစ်ကြိမ် နိုင်ငံတိုင်းရဲ့ အဆင့်တွေကို ဖော်ပြနေတာ ဖြစ်ပါတယ်။
အခုနှစ် ပထမခြောက်လအတွင်း မြန်မာနိုင်ငံဟာ လူသေဆုံးမှုအများဆုံးနိုင်ငံတွေထဲမှာ အဆင့် ၃၊ အရပ်သား ပြည်သူတွေအတွက် အန္တရာယ်အများဆုံးနိုင်ငံတွေထဲမှာ အဆင့် ၄၊ ပဋိပက္ခဖြစ်ပွားမှု အကျယ်ပြန့်ဆုံးမှာ အဆင့် ၉ နဲ့ ပဋိပက္ခဖြစ်ပွားတဲ့အဖွဲ့အစည်းအများဆုံးရှိတဲ့နေရာမှာ အဆင့် ၁ အသီးသီးသတ်မှတ်ခံထားရပါတယ်။
မြန်မာနိုင်ငံအတွက် ဒီသတ်မှတ်ချက်လေးခုဟာ ၂၀၂၄ ခုနှစ် ဇန်နဝါရီလက အဆင့်သတ်မှတ်ချက်တွေနဲ့ တူညီခဲ့ပေမယ့် ကမ္ဘာ့ပဋိပက္ခညွှန်းကိန်းသတ်မှတ်ချက်မှာတော့ အဆင့် ၁ က အဆင့် ၂ ကို တစ်ဆင့်လျော့ကျခဲ့တာ ဖြစ်ပါတယ်။
ပဋိပက္ခဖြစ်ပွားမှုတွေဟာ မြန်မာနိုင်ငံလူဦးရေရဲ့ ၄၃ ရာခိုင်နှုန်းဖြစ်တဲ့ ၂၃ သန်းခန့်အပေါ် သက်ရောက်မှုရှိနေတယ်လို့လည်း ဖော်ပြပါတယ်။
နောက်ထပ်ခြောက်လအတွက် ခန်းမှန်းချက်မှာတော့ ရခိုင်ပြည်နယ်နဲ့ မန္တလေးတိုင်းတွေမှာ ပေါက်ကွဲမှုနဲ့ အကြမ်းဖက်မှုဖြစ်ရပ်တွေ ၃ ရာခိုင်နှုန်းနဲ့ ၂၃ ရာခိုင်နှုန်းအသီးသီး တိုးလာနိုင်တယ်လို့ ACLED က ခန့်မှန်းထားပါတယ်။
အမေရိကန်အခြေစိုက် Armed Conflict Location & Event Data Project (ACLED) အဖွဲ့ဟာ လွတ်လပ်တဲ့ နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်ပြီး ကမ္ဘာ့နိုင်ငံတွေက ပဋိပက္ခဆိုင်ရာ အချက်အလက်တွေကို လေ့လာစုဆောင်းနေတဲ့အဖွဲ့ ဖြစ်ပါတယ်။