မြန်မာ ရေဘေးအတွက် ဒေါ်လာ တစ်သန်းကျော် အီးယူ ထောက်ပံ့

မြန်မာနိုင်ငံက စားနပ်ရိက္ခာအခက်အခဲအတွက် ဥရောပသမဂ္ဂက ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ သန်း ထောက်ပံ့လိုက်ပါတယ်။

မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်ရှိ ဒေသခံများအား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၁ ရက်နေ့တွင် မီးသတ်တပ်ဖွဲ့ဝင်များမှ သွားရောက်ကူညီပေးစဉ်။ Facebook/ Myanmar Fire Services Deartment Photo

မြန်မာနိုင်ငံက စားနပ်ရိက္ခာအခက်အခဲအတွက် ဥရောပသမဂ္ဂက ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ သန်း ထောက်ပံ့လိုက်တယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က အောက်တိုဘာ ၃၁ ရက်နေ့ သတင်းထုတ်ပြန်ပါတယ်။

အဲဒီရန်ပုံငွေကို ဥရောပသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးဌာန (ECHO) ကတစ်ဆင့် WFP ကို ပေးအပ်ခဲ့တာလို့ ဆိုပါတယ်။

ဒီရန်ပုံငွေနဲ့ ရေကြီးရေလျှံမှုဒဏ် ခံစားရသူတွေကို အရေးအပေါ် အသက်ကယ် စားနပ်ရိက္ခာ ထောက်ပံ့ပေးသွားမယ်လို့ ဖော်ပြပါတယ်။

မြန်မာနိုင်ငံရဲ့ လူဦးရေ လေးပုံ တစ်ပုံဖြစ်တဲ့ လူ ၁၃ ဒသမ ၃ သန်းဟာ စားနပ်ရိက္ခာ အခက်အခဲကြုံတွေ့နေပြီး အဲဒီထဲက ၂ ဒသမ ၇ သန်းဟာ အရေးပေါ်အခြေအနေ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

အခက်အခဲမျိုးစုံ ရိုက်ခတ်မှုမျိုးစုံကြုံတွေ့နေရသူတွေ များလာတာကြောင့် စားနပ်ရိက္ခာဖူလုံမှု အခြေအနေဟာ မြန်မာနိုင်ငံရဲ့ ခေတ်သစ်သမိုင်းမှာ တစ်ခါမှ ဒီလောက်ထိ ဆိုးရွားတာမျိုး မရှိခဲ့ဖူးဘူးလို့ WFP ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Paolo Mattei က ထုတ်ပြန်ချက်မှာ ထည့်သွင်း ပြောဆိုပါတယ်။

ဒါ့အပြင် အခြေခံ စားသောက်ကုန်စျေးနှုန်းကလည်း မနှစ်ကနဲ့ နှိုင်းယှဉ်ရင် ငါးဆယ်ရာခိုင်နှုန်း တိုးလာတယ်လို့ ဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာ နေရပ်စွန့်ခွာသူ လူဦးရေ ၃ ဒသမ ၄ သန်းအထိရှိနေပြီး လွန်ခဲ့တဲ့ သုံးနှစ်ကရှိခဲ့တဲ့ လူဦးရေ သုံးသိန်းထက် အဆများစွာတိုးလာတယ်လို့ ဆိုပါတယ်။

လတ်တလော ကြုံတွေ့ခဲ့ရတဲ့ ရေကြီးရေလျှံမှုမှာလည်း လူဦးရေ တစ်သန်းနီးပါး ရေဘေးသင့်ခဲ့ပြီး စိုက်ပျိုးမြေ ဧက တစ်သန်း ထိခိုက်ပျက်စီးခဲ့တယ်လို့ WFP ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org