မြန်မာ့ရွေးကောက်ပွဲ ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ် စိုးရိမ်

မြန်မာနိုင်ငံရဲ့ နိုဝင်ဘာရွေးကောက်ပွဲဟာ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ ဖြစ် လာနိုင်ပါ့မလားဆိုတာ စိုးရိမ်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့ အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စ ယန်ဟီးလီ က ပြော ပါတယ်။

ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms. Yang Hee Lee ကို တွေ့ရစဉ်

မြန်မာနိုင်ငံရဲ့ နိုဝင်ဘာရွေးကောက်ပွဲဟာ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာနိုင်ပါ့မလားဆိုတာ စိုးရိမ်ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စ ယန်ဟီးလီ က ပြောပါတယ်။

ဒါဇင်နဲ့ချီတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ ပယ်ချခံခဲ့ရတာ၊ ထောင်သောင်းချီတဲ့ ပြည်သူတွေ မဲပေးခွင့် ဆုံးရှုံးခဲ့ရတာတွေအပြင်၊ လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်နဲ့ စုရုံးခွင့်တွေကို ကန့်သတ်၊ ဆန္ဒပြသူတွေကို အင်အားသုံး ဖြိုခွဲဖမ်းဆီးတာတွေကြောင့် လာမယ့် ရွေးကောက်ပွဲဟာ အစစ်အမှန် ဖြစ်ပါ့မလား စိုးရိမ်ရကြောင်း ကုလသမဂ္ဂ အထွေထွေညီလာခံ ကော်မတီထံ တင်ပြတဲ့အစီရင်ခံစာမှာ ရေးသားဖေါ်ပြထားတာပါ။

မြန်မာနိုင်ငံရဲ့ ပြီးခဲ့တဲ့လေးနှစ်အတွင် ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတွေကြောင့် လူ့အခွင့်အရေး အခြေအနေတချို့ တိုးတက်ကောင်းမွန်လာတာ မငြင်းနိုင်ပေမဲ့၊ အခွင့်အရေးကာကွယ်သူတွေအပေါ် ခြိမ်းခြောက်တာ၊ နှောင့်ယှက် တာ၊ စောင့်ကြည့်တာတွေ စတဲ့ပြဿနာတွေ ရှိနေဆဲပဲလို့ ဆိုပါတယ်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ် ဦးကျော်တင် ကတော့ မစ္စ ယန်ဟီးလီရဲ့ အစီရင်ခံစာမှာ မဟုတ်မမှန် လုပ်ကြံ စွတ်စွဲထားတာတွေ ပါဝင်နေကြောင်း၊ မြန်မာနိုင်ငံရဲ့ သမိုင်းဝင်ရွေးကောက်ပွဲကို အပရိကပြဿနာလေးတွေနဲ့ ပုံမဖျက်သင့်ကြောင်း၊ ရွေးကောက်ပွဲကို လွတ်လပ်၊ မျှတ ၊ ပွင့်လင်းမြင်သာမှုရှိအောင် အစွမ်းကုန် ကြိုးပမ်းဆောင် ရွက်နေကြောင်း ပြောဆိုပါတယ်။

ဒီအတွင်း မြန်မာ့ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်နေတဲ့ အမေရိကန်အခြေစိုက် Carter Center ကလည်း လတ်တလော အခြေအနေတွေအပေါ် စိုးရိမ်ကြောင်း ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း တွေ့မြင်ခဲ့ရတဲ့ နိုင်ငံရေးပါတီတွေရဲ့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံး ဟောပြော ပွဲတွေဟာ ငြိမ်းငြိမ်းချမ်းချမ်းရှိပြီး၊ နှိုင်းယှဉ်ချက်အနေနဲ့ ကန့်သတ်တာတွေ သိပ်မများလှဘူးလို့ ဆိုရမှာဖြစ်ကြောင်း၊ ဒါပေမဲ့ ခြိမ်းခြောက်တာ၊ ကိုယ်ထိလက်ရောက် တိုက်ခိုက်တာ၊ မဲစာရင်းအမှား၊ လူမျိုးရေး ဘာသာရေးတင်းမာမှု စတဲ့ဖြစ်ရပ်တွေက ရွေးကောက်ပွဲမတိုင်ခင် မညီမျှတဲ့ နိုင်ငံရေးဝန်းကျင်ကို ဖန်တီးပေးနေခဲ့ကြောင်း၊ အဲ့ဒါတွေ ဟာ မြန်မာ့ လက်ရှိ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတွေကို စမ်းသပ်တိုင်းတာမယ့် အချက်တွေဖြစ်ကြောင်း ပြော ဆိုပါတယ်။

ဒါ့ပြင် ရှမ်းပြည်နယ်က တချို့နေရာတွေမှာ ရွေးကောက်ပွဲ မကျင်းပနိုင်ကြောင်း ကြေညာခဲ့တဲ့အပေါ် စိုးရိမ်ကြောင်း လည်း Carter Center က ပြောပါတယ်။

ရွေးကောက်ပွဲစောင့်ကြည့်ရေး အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ငြိမ်းအေးရှေ့ဆောင် အဖွဲ့ကတော့ မဲရုံတွေမှာစောင့်ကြည့်ကြမယ့် ပါတီကိုယ်စားလှယ်တွေ အရေးကြီးတယ်လို့ဆိုပါတယ်။ ဒါ့အပြင် ရွေကောက်ပွဲအပြီး အငြင်းအခုံတွေ ပိုမိုပြင်းထန် လာစရာရှိနိုင်တယ်လို့လည်း သုံးသပ်ထားပါတယ်။

ငြိမ်းအေးရှေ့ဆောင်အဖွဲ့က ဦးရဲအောင် ကို ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org