မြန်မာ့စီးပွားရေး နှစ်ရာခိုင်နှုန်း ကျဆင်းသွားကြောင်း BMI ခန့်မှန်း
စစ်အာဏာရှင်တွေရဲ့ ပဋိပက္ခနဲ့ စီးပွားရေးစီမံခန့်ခွဲမှု အလွဲအမှား ပိုဆိုးလာတာကြောင့် မြန်မာ့စီးပွားရေးဟာ လက်ရှိဘဏ္ဍာရေးနှစ်မှာ နှစ်ရာခိုင်နှုန်း ကျဆင်းသွားကြောင်း BMI က ခန့်မှန်းပါတယ်။
-
RFA Burmese
2025-03-14 -
-
-
စစ်အာဏာရှင်တွေရဲ့ ပဋိပက္ခနဲ့ စီးပွားရေးစီမံခန့်ခွဲမှု အလွဲအမှား ပိုဆိုးလာတာကြောင့် မြန်မာ့စီးပွားရေးဟာ လက်ရှိဘဏ္ဍာရေးနှစ်မှာ နှစ်ရာခိုင်နှုန်း ကျဆင်းသွားကြောင်း ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးနဲ့ ငွေကြေးဆိုင်ရာ သုတေသနနဲ့ ခန့်မှန်းချက်တွေ ထုတ်ပြန်နေတဲ့ BMI က ခန့်မှန်းပါတယ်။
အခုလမှာ ကုန်ဆုံးမဲ့ ဘဏ္ဍာရေးနှစ်မှာ မြန်မာနိုင်ငံ စီးပွားရေး တစ် ရာခိုင်နှုန်း ကျဆင်းမယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပေမဲ့ BMI ကတော့ ဒီခန့်မှန်းချက်ထပ်က အကောင်းမြင်လွန်းရာ ရောက်တယ်လို့ ဆိုပါတယ်။ BMI ရဲ့ ခန့်မှန်းချက်အရ ၂၀၂၆ ဘဏ္ဍာရေးနှစ် မစခင် လက်ရှိဘဏ္ဍာရေးမှာ မြန်မာ့စီးပွားရေးဟာ ၂ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းနိုင်ခြေရှိပြီး ၂၀၂၀ ဘဏ္ဍာရေးနှစ်နဲ့ နှိုင်းယှဉ်မယ်ဆိုရင် ၂၀ ရာခိုင်နှုန်း ကျဆင်းသွားမှာဖြစ်တယ်လို့ မတ်လ ၁၄ ရက်နေ့မှာ The Diplomat သတင်းက ဖော်ပြပါတယ်။
လက်ရှိ မြန်မာပြည်တွင်းပဋိပက္ခတွေ၊ သဘာဝဘေးအန္တရာယ်တွေ၊ မြန်မာငွေတန်ဖိုး တစ်ဟုန်ထိုးကျဆင်းတာ၊ ငွေကြေးဖောင်းပွတာ၊ စစ်မှုထမ်းဥပဒေကြောင့် နိုင်ငံပြင်ပရွှေ့ပြောင်းတာတွေဟာ မြန်မာပြည်စီးပွားရေးကို ပျက်စီးစေတယ်လို့ BMI က ထောက်ပြထားပါတယ်။
ပြည်တွင်းပဋိပက္ခတွေ လျော့နည်းသွားမဲ့အရိပ်အယောင် မမြင်သေးတာကြောင့် မြန်မာပြည်စီးပွားရေး ပြန်တက်လာမဲ့ အလားအလာက မှေးမှိန်နေဆဲဖြစ်တယ်လို့လည်း ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ပြည်တွင်းရွှေ့ပြောင်းဒုက္ခသည် ဦးရေဟာ ၂၀၂၄ နှစ်ကုန်မှာ ၃ ဒသမ ၅ သန်းကျော်ရှိခဲ့ပြီး လူဦးရေရဲ့ ခြောက်ရာခိုင်နှုန်းဝန်းကျင်နဲ့ ညီမျှတယ်လို့ ဆိုပါတယ်။ တစ်ချိန်တည်းမှာပဲ မြန်မာနိုင်ငံရဲ့ လူဦးရေ သုံးပုံတစ်ပုံဟာ စားနပ်ရိက္ခာမလုံလောက်တာနဲ့ ရင်ဆိုင်နေရတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။
မြန်မာနိုင်ငံတစ်ဝန်းမှာ လူသားချင်းစာနာထောက်ထားမှု အကူအညီလိုအပ်နေတဲ့ လူပေါင်း ၁၉ ဒသမ ၉ သန်းကျော်ရှိပြီး စားနပ်ရိက္ခာဖူလုံရေး အကျပ်အတည်းကို မကြုံစဖူး ရင်ဆိုင်နေရတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကျွမ်းကျင်သူတွေက မတ်လ ၁၃ ရက်နေ့က သတိပေးချက် ထုတ်ပြန်ခဲ့တာပါ။
စစ်ကောင်စီဟာ နယ်မြေတွေကို ဆုံးရှုံးနေတာကြောင့် အကူအညီတွေ ပိတ်ဆို့တာ၊ လူသားချင်း စာနာမှုဆိုင်ရာ သွားလာခွင့်တွေကို ကန့်သတ်တာ၊ ကုန်သွယ်ရေးလမ်းကြောင်းတွေကို ကန့်သတ်တာ၊ လူသားချင်းစာနာမှု အကူအညီပေးနေတဲ့ဝန်ထမ်းတွေကို ပစ်မှတ်ထားတာတွေက စားနပ်ရိက္ခာ အကျပ်အတည်းကို ပိုဆိုးဝါးလာစေတယ်လို့ ထောက်ပြပါတယ်။
မြန်မာပြည်တွင်း ပဋိပက္ခဟာ ကလေးငယ်တွေအပေါ် ဆိုးဆိုးရွားရွား သက်ရောက်မှုရှိခဲ့ပြီး ကလေးငယ် ၅၅ ရာခိုင်နှုန်းဟာ ဆင်းရဲမွဲတေမှုဒဏ်ကို ခံစားနေရတယ်လို့ ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်က ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ ဆိုးဆိုးဝါးဝါး ဆေးဘက်ဆိုင်ရာ အထောက်အပံ့တွေ ပြတ်လပ်ခဲ့လို့ ကလေးငယ် သုံးဆယ်ကျော် အသက်ဆုံးရှုံးခဲ့ ရတယ်လို့ ပြောပါတယ်။