ဒီနှစ်အတွင်း စီးပွားတက်မယ်လို့ ဦးဝင်းထိန် ပြောကြား
2017.03.23

မြန်မာပြည်ရဲ့ အုပ်ချုပ်ရေးနဲ့ ဥပဒေပြုစုရေး ကဏ္ဏတွေ တိုးတက်လာခဲ့ပြီဖြစ်ပေမယ့် တရားစီရင်ရေးနဲ့ စီးပွားရေးတွေ မျှော်မှန်းသလိုဖြစ်မလာသေးပါဘူး၊ ဒါပေမဲ့ အခု ဧပြီလစတင်မယ့် ဘဏ္ဏာရေးနှစ် အတွင်း မှာတော့ မြန်မာနိုင်ငံရဲ့စီးပွားရေး အထူးတိုးတက်လာမယ့် အခြေအနေရှိပါတယ်လို့ NLD ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဦးဝင်းထိန် က ပြောကြားလိုက်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရရဲ့တစ်နှစ်တာကာလအတွင်း လုပ်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး မနေ့က ဆက်သွယ်မေးမြန်းရာမှာ သူက အခုလို ပြောကြားခဲ့တာပါ။
"အမေရိကန်နိုင်ငံက ပိတ်ဆို့မှုတွေ လျှော့လိုက်တဲ့အခါမှာ ဥရောပနိုင်ငံတွေအသီးသီးနဲ့ အမေရိကန်နိုင်ငံ ကို ကုန်သွယ်မှုတွေလည်းလုပ်နိုင်တယ်၊ ငွေရေးကြေးရေး စီမံခန့်ခွဲမှုတွေလည်းလုပ်နိုင်တယ်၊ ဒါဟာ အင်မတန်တိုးတက်မယ့် အချက်တစ်ခုဖြစ်တယ်၊ နောက်တစ်ချက်တော့ ဂျပန်နိုင်ငံကို ဒေါ်အောင်ဆန်း စုကြည် သွားတဲ့အချိန်တုန်းက ဂျပန်နိုင်ငံဝန်ကြီးချုပ် မစ္စတာ ရှင်ဇိုအာဘေးရဲ့စီမံချက်အရ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ တိုးတက်ရေးဆိုင်ရာ အထောက်အကူတွေဟာ အခုတဖြည်းဖြည်းနဲ့ တစတစဝင် လာနေပြီ၊ ဒီနှစ်ကစပြီးတော့ နောက်နှစ်အထိဟာ မြန်မာနိုင်ငံကိုဆင်းရဲတွင်းကနေ ဆွဲထုတ်နိုင်အောင် ဖြစ်မယ့်နှစ်လို့ ကျနော်တော့ အဲလိုမြင်တယ်"
ဒါ့အပြင် အရင်အစိုးရလက်ထက်က ခန့်အပ်ခဲ့တဲ့ အမြဲတန်းအတွင်းဝန်တချို့ဟာ လက်ရှိအစိုးရ လုပ်ဆောင်မှုတွေ ကို လိုက်ပါအကောင်အထည်ဖေါ်ခြင်း မရှိကြောင်း၊ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်က သူတို့ကို စိတ်ရှည်သည်း ခံပြီး စည်းရုံးဆောင်ရွက်နေကြောင်းနဲ့ တဆက်တည်းမှာပဲ ဗိုလ်ချုပ်အောင်ဆန်း အမည်နဲ့ပတ်သက်ပြီး မွန်ပြည် နယ်မှာ ဖြစ်ပေါ်နေတဲ့ ပြဿနာတွေရဲ့ နောက်ကွယ်မှာ ရိုးသားမှုတွေနဲ့ သွေးထိုးမှုတွေ ရောနှောနေကြောင်း ဦးဝင်းထိန် က ပြောပါတယ်။