အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးဖို့ စစ်ကောင်စီကို မလေးရှား တိုက်တွန်း
“အခုလို ကပ်ဘေးကြုံနေတဲ့ကာလ ကြေညာချက်ထုတ်ပြန်တာ အရမ်းဝမ်းသာပါတယ်၊ ပဋိပက္ခတွေ အားလုံး ဆက်မလုပ်ပါနဲ့ ၊ အရေးအကြီးဆုံးက မြန်မာပြည်သူတွေကို ဘယ်လိုကယ်တင်ရမလဲ အကူအညီတွေ ဘယ်လိုရယူနိုင်မလဲဆိုတာဘဲ ဖြစ်ပါတယ်”
-
RFA Burmese
2025-04-06 -
-
-
ငလျင်ဘေးသင့်ခဲ့တဲ့ မြန်မာနိုင်ငံမှာ ကယ်ဆယ်ရေး နဲ့ ပြန်လည်ထူထောင်ရေးတွေ ဆက်လက် လုပ်ဆောင်နိုင်ဖို့ အပစ်အခတ်ရပ်စဲရေး သက်တမ်းတိုးဖို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Datuk Seri Mohamad Hasan က မြန်မာစစ်ကောင်စီကို တိုက်တွန်းလိုက်ပါတယ်။
အာဆီယံနိုင်ငံတွေ အထူးသဖြင့် မလေးရှားနိုင်ငံက စစ်ကောင်စီ အပစ်အခတ်ရပ်စဲရေး အရင်ကြေညာထားတဲ့ ကာလထက် သက်တမ်းတိုးနိုင်မယ်လို့ မျှော်လင့်ကြောင်း သူကပြောပါတယ်။
မြန်မာနိုင်ငံမှာ ပြင်းအား ၇.၇ အဆင့်ရှိတဲ့ ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ဧပြီလ ၂၂ ရက်နေ့အထိ သုံးပတ်ကြာ အပစ်အခတ်ရပ်စဲကြောင်း စစ်ကောင်စီက ဧပြီလ ၂ ရက်နေ့က ကြေညာခဲ့ပါတယ်။
ဒီကြေညာချက်ကို အာဆီယံက ကြိုဆိုကြောင်းပြောကြားခဲ့ပါတယ်။ “အခုလို ကပ်ဘေးကြုံနေတဲ့ကာလ ကြေညာချက်ထုတ်ပြန်တာ အရမ်းဝမ်းသာပါတယ်၊ ပဋိပက္ခတွေ အားလုံး ဆက်မလုပ်ပါနဲ့ ၊ အရေးအကြီးဆုံးက မြန်မာပြည်သူတွေကို ဘယ်လိုကယ်တင်ရမလဲ အကူအညီတွေ ဘယ်လိုရယူနိုင်မလဲဆိုတာဘဲ ဖြစ်ပါတယ်” လို့ ဧပြီလ ၅ ရက် စနေနေ့က မြန်မာနိုင်ငံဆိုင်ရာ လူသားချင်းစာနာမှုဆိုင်ရာ ကူညီပေးရေးလုပ်ငန်းစဉ် အဆုံးမသတ်ခင် ပြုလုပ်တဲ့ သတင်းစာရှင်းပွဲမှာ ပြောခဲ့ပါတယ်။
Mr. Hasan နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Maris Sangiampongsa တို့ ဧပြီ ၅ ရက်နေ့က မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့ပြီး စစ်ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ တွေ့ဆုံခဲ့ပါတယ်။
ဒီတွေ့ဆုံပွဲမှာ မလေးရှားနိုင်ငံက အကူအညီပေးဖို့ ကတိပြုထားတဲ့ထဲက တစိတ်တပိုင်းအနေနဲ့ လူသားချင်းစာနာမှုအကူအညီ ၁၅ တန် တရားဝင်လွှဲပြောင်းပေးခဲ့တယ်လို့ ဆိုပါတယ်။
နောက်ထပ်အကူအညီတွေ တင်ဆောင်လာတဲ့ လေယာဉ်လည်း ဧပြီ ၇ ရက်နေ့မှာ နေပြည်တော်ကို ရောက်ရှိဖို့ စီစဉ်ထားတယ်လို့ ဝန်ကြီး Datuk Seri Mohamad Hasan ပြောကြားကြောင်း Bernama သတင်းက ဖော်ပြပါတယ်။