မြန်မာငလျင်ဘေးအတွက် ဩစတြေးလျက အကူအညီ ဒေါ်လာ ၇ သန်း ထပ်မံပေးအပ်
မြန်မာနိုင်ငံက ငလျင်ဘေးဒဏ်ခံခဲ့ရတဲ့ ပြည်သူတွေအတွက် ဩစတြေးလျနိုင်ငံက လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီ ဒေါ်လာ ၇ သန်း ထပ်မံပေးအပ်သွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီ ၂ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။
-
RFA Burmese
2025-04-02 -
-
-
မြန်မာနိုင်ငံက ငလျင်ဘေးဒဏ်ခံခဲ့ရတဲ့ ပြည်သူတွေအတွက် ဩစတြေးလျနိုင်ငံက လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီ ဒေါ်လာ ၇ သန်း ထပ်မံပေးအပ်သွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီ ၂ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။
ဒီအကူအညီတွေထဲမှာ အစားအစာ၊ ရေနဲ့ သန့်ရှင်းရေး၊ အရေးပေါ်ကျန်းမာရေး နဲ့ ပညာရေး တို့အတွက် သြစတြေးလျ NGO တွေနဲ့ ဒေသတွင်း မိတ်ဖက်အဖွဲ့အစည်းတွေကတဆင့် ဒေါ်လာ ၃ သန်းခွဲ၊ မိတ်ဖက် အဖွဲ့အစည်းတွေရဲ့ အရေးပေါ် တောင်းခံမှုအတွက် ဒေါ်လာ ၅ သိန်းနဲ့ အာဆီယံ လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးအပ်ရေး ညှိနှိုင်းမှုဗဟိုဌာန (AHA CENTRE) က တဆင့် အရေးပေါ်ကယ်ဆယ်ရေးပစ္စည်းတွေအတွက် ဒေါ်လာ ၃ သန်း ပါဝင်ပါတယ်။
မြေပြင်က ကယ်ဆယ်ရေးလုပ်ငန်းတွေကို ညှိနှိုင်းကူညီနိုင်ဖို့ အလျင်အမြန်တုံ့ပြန်ဆောင်ရွက်မယ့် အဖွဲ့တွေကို စုစည်းထားတယ်လို့လည်း ဆိုပါတယ်။
ဩစတေးလျဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေခံမူတွေနဲ့အညီ နိုင်ငံတဝှမ်းက လူသားချင်းစာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းတွေက တဆင့် အကူအညီတွေ ပံ့ပိုးပေးနေကြောင်း လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ခိုင်လုံတဲ့သတင်းတွေအရ မြန်မာစစ်ကောင်စီဟာ ငလျင်သင့်ဒေသတွေမှာ လေကြောင်းကတိုက်ခိုက် တာတွေ ဆက်လက်လုပ်ဆောင်နေကြောင်း၊ ဒီလုပ်ဆောင်ချက်က မြန်မာပြည်သူတွေရဲ့ ဒုက္ခတွေကို ပိုမို ဆိုးရွားစေပြီး ခက်ခဲတဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ပိုပြီး ရှုတ်ထွေးသွားစေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီအနေနဲ့ စစ်ဘက်ဆိုင်ရာ စစ်ဆင်ရေးတွေ ချက်ချင်းရပ်တန့်ပြီး ဘေးဒဏ်သင့် ဒေသတွေကို လူသားချင်းစာနာထောက်ထားမှုအပြည့်နဲ့ အကူအညီတွေ ဝင်ရောက်ခွင့်ပြုဖို့လည်း ဩစတေးလျက တောင်းဆိုလိုက်ပါတယ်။
မတ်လ ၂၈ ရက်နေ့က မြန်မာနိုင်ငံမှာ ပြင်းအားမြင့် ငလျင် လှုပ်ခတ်သွားခဲ့တဲ့နောက် ငလျင်ဘေးဒဏ်သင့် ပြည်သူတွေအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ လုပ်နိုင်ဖို့ ဩစတေးလျအစိုးရက ကနဦး ဒေါ်လာ ၂ သန်း ကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအသင်း ICRC က တဆင့် ပေးအပ်မယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။