သတင်းသမားတွေကို ထောင်ချမှု အဆိုးရွားဆုံးနိုင်ငံထဲ မြန်မာ တတိယနေရာမှာရှိနေ

စစ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်မှာ သတင်းသမား အယောက် ၃၀ ဖမ်းဆီးခံခဲ့ရပြီး ၂၀၂၂ မှာ ၄၂ ယောက်၊ ၂၀၂၃ မှာ ၄၃ ယောက် ဖမ်းဆီးခံခဲ့ရပါတယ်။

စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတစ်ခုအား သတင်းယူနေသည့် သတင်းသမားတချို့အား ၂ဝ၂၁ ခုနှစ် မတ်လအစောပိုင်းက တွေ့ရစဉ်။ Photo: RFA

မြန်မာနိုင်ငံဟာ သတင်းသမားတွေကို အကျဉ်းချတဲ့ တတိယအဆိုးရွားဆုံးနိုင်ငံဖြစ်တယ်လို့ CPJ ခေါ် သတင်းသမားများကာကွယ်ရေးအဖွဲ့ CPJ က ဇန်နဝါရီ ၁၆ ရက်နေ့က ထုတ်ပြန်ပါတယ်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁ ရက်နေ့အထိ ကမ္ဘာမှာ အနည်းဆုံး သတင်းထောက် ၃၆၁ ဦး ဖမ်းဆီးခံခဲ့ရပြီး အဆိုးရွားဆုံး ထိပ်တန်း ငါးနေရာမှာ တရုတ်က ၅၀ ဦး၊ အစ္စရေးက ၄၃ ဦး ၊ မြန်မာနိုင်ငံက ၃၅ ဦး၊ ဘယ်လာရုစ်က ၃၁ ဦး နဲ့ ရုရှားနိုင်ငံက ၃၁ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်မှာ သတင်းသမား အယောက် ၃၀ ဖမ်းဆီးခံခဲ့ရပြီး ၂၀၂၂ ခုနှစ်မှာ ၄၂ ယောက်၊ ၂၀၂၃ ခုနှစ်မှာ ၄၃ ယောက် ဖမ်းဆီးခံခဲ့ရပါတယ်။

အခု ၂၀၂၄ ခုနှစ်မှာ ဖမ်းဆီးခံရသူ လျော့ကျသွားတာဟာ စစ်ကောင်စီက သတင်းသမားတွေအပေါ် ပျော့ပြောင်းလာတဲ့အခြေအနေတွေကြောင့် မဟုတ်ဘူးလို့ ဆိုပါတယ်။

အကျဉ်းချခံထားရတဲ့ သတင်းမီဒီယာသမားတွေကို စစ်ခုံရုံးတွေက အမှုစီရင်လေ့ရှိပြီး တရားဝင်ကိုယ်စားပြုခွင့်မပေးတာ၊ အကြမ်းဖက်မှု၊ သတင်းမှား ဒါမှမဟုတ် လှုံ့ဆော်မှု စတဲ့ နိုင်ငံတော်ဆန့်ကျင်ရေးဥပဒေတွေနဲ့ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ထားတယ်လို့ CPJ က ထောက်ပြပါတယ်။

၂၀၂၄ ခုနှစ်မှာ စီရင်ချက်ချခံရတဲ့ ရှစ်ဦးထဲက ကိုမျိုးမြင့်ဦးနဲ့ ရှင်ဒေဝီကို ထောင်ဒဏ်တစ်သက် ချမှတ်ခဲ့ပြီး ရှင်ဒေဝီကိုတော့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ထောင်ဒဏ် ၁၅ နှစ်အထိ လျှော့ချခဲ့ပေမဲ့ နှစ်ရှည်ထောင်ဒဏ်ချမှတ်ထားဆဲ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် သတင်းထောက် ကိုအောင်ဆန်းဦးကို အကြမ်းဖက်မှု စွဲချက်နဲ့ ထောင်ဒဏ် တစ်သက် ချမှတ်ခဲ့ကြောင်းနဲ့ ၂၀၂၃ ခုနှစ် မေလက မိုခါမုန်တိုင်းဒဏ်ခံရတဲ့ ရခိုင်ပြည်နယ်အခြေအနေ သတင်းရယူနေချိန် ဖမ်းဆီးခံခဲ့ရတဲ့ Myanmar Now သတင်းထောက် ကိုစိုင်းဇော်သိုက်ကို ထောင်ဒဏ် အနှစ် ၂ဝ ချမှတ်ထားကြောင်း CPJ ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org