ဂျပန် Kirin ကုမ္ပဏီ မြန်မာနိုင်ငံက ထွက်ခွာမည်

မြန်မာဘရူဝါရီလီမိတက် (Myanmar Brewery Limited) ကနေ စစ်တပ်နဲ့ အကျိုးတူ စီးပွားရေးလုပ်နေတဲ့ ဂျပန်အဖျော်ယမကာလုပ်ငန်းစု Kirin ကုမ္ပဏီဟာ မြန်မာနိုင်ငံကနေ ထွက်ခွာဖို့ ဆုံးဖြတ်လိုက်ပြီလို့ ဒီနေ့ AP သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

Myanmar Brewery Limited ရဲ့ စက်ရုံကို တွေ့ရစဉ် Photo: Myanmar Brewery Limited

မြန်မာဘရူဝါရီလီမိတက် (Myanmar Brewery Limited) ကနေ စစ်တပ်နဲ့ အကျိုးတူ စီးပွားရေးလုပ်နေတဲ့ ဂျပန်အဖျော်ယမကာလုပ်ငန်းစု Kirin ကုမ္ပဏီဟာ မြန်မာနိုင်ငံကနေ ထွက်ခွာဖို့ ဆုံးဖြတ်လိုက်ပြီလို့ ဒီနေ့ AP သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

ဒါဟာ ကုမ္ပဏီဘုတ်အဖွဲ့ရဲ့ အရေးပေါ် ဆုံးဖြတ်ချက်ဖြစ်ပြီး Kirin ကုမ္ပဏီလိုချင်ခဲ့တဲ့ ပုံစံမျိုးနဲ့ အကျိုးတူ ပူးပေါင်းမှုကို ဖျက်သိမ်းနိုင်ဖို့ အချိန်တိုအတွင်း အဖြေရှာရ ခက်ခဲတာ ကြောင့် ဒီလိုလုပ်ရတာလို့ ဖော်ပြထားပါတယ်။

မြန်မာဘရူဝါရီလီမိတက်ဟာ စစ်တပ်ရဲ့ စီးပွားရေးလုပ်ငန်းစုဖြစ်တဲ့ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် (MEHL) က ရှယ်ယာ ၄၉ ရာခိုင်နှုန်းနဲ့ ဂျပန်အဖျော်ယမကာ ကုမ္ပဏီ Kirin က ရှယ်ယာ ၅၁ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပါတယ်။

Kirin ကုမ္ပဏီဟာ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL) နဲ့ အကျိုးတူပူးပေါင်းမှုကို ဖျက်သိမ်းဖို့ ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ စင်ကာပူအပြည်ပြည်ဆိုင်ရာ ခုံသမာဓိ (Singapore International Arbitration Center) ကို သွားရောက်ခဲ့ပေမယ့် မအောင်မြင်တဲ့ ဆွေးနွေးမှု သာ ရခဲ့တာကြောင့် မြန်မာနိုင်ငံက ထွက်ခွာဖို့ ဆုံးဖြတ်တာလို့လည်း Nikkei Asia သတင်းကလည်း ရေးသားထားပါတယ်။

ဒီကိစ္စကို မြန်မာနိုင်ငံက ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ အတွင်း Kirin ကုမ္ပဏီနဲ့ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL) တို့အကြား ကြားနာခဲ့ပါသေးတယ်။

အခုလက်ရှိ Kirin ကုမ္ပဏီ မြန်မာနိုင်ငံက ထွက်ခွာမယ်ဆိုပေမယ့် မြန်မာစစ်တပ်နဲ့ ဆက်စပ်တဲ့ ကုမ္ပဏီတွေကို ရောင်းချသွားမှာမဟုတ်ဘဲ လူ့အခွင့်အရေးအရ ဖိအား ပေးနိုင်မယ့် ကုမ္ပဏီမျိုးကိုသာ ရောင်းချသွားမယ်လို့ Nikkei Asia သတင်းမှာ ဖော်ပြ ထားပါတယ်။

မြန်မာဘရူဝါရီလီမိတက်ကနေ Kirin Ichiban အပါအဝင် ယမကာ ခုနစ်မျိုး ထုတ်လုပ်နေပြီး ၁၉၉၅ ခုနှစ်မှာ အကျိုးတူဖက်စပ်လုပ်ငန်းကြီးတစ်ခုအနေနဲ့ အမေရိကန်ဒေါ်လာ ၆၀ မီလီယမ်နဲ့ ရင်းနှီးမြှုပ်နှံပြီး တည်ထောင်ခဲ့တာလို့ Myanmar Brewery Limited ရဲ့ တရားဝင် ဝက်ဘ်ဆိုက်မှာ တွေ့ရပါတယ်။

ပြင်သစ်နိုင်ငံက Total Energies ကုမ္ပဏီဟာလည်း မြန်မာနိုင်ငံက ထွက်ခွာမယ်လို့ ပြီးခဲ့တဲ့ ဇန်နဝါရီလက ကြေညာထားသလို ကိုးရီးယား POSCO ကုမ္ပဏီဟာလည်း ထွက်ခွာဖို့အတွက် ဆွေးနွေးမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org