နယ်စပ်ဂိတ်ပိတ်လို့ ဘုရားသုံးဆူမြို့မှာ ကုန်ပစ္စည်းပြတ်လပ်နေ
ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူနယ်စပ်ဂိတ် နယ်မြေအငြင်းပွားမှုကြောင့် ဂိတ်ပိတ်ထားတာ ၁ဝ ရက် ကျော်ရှိလာပြီး ကုန်စည်စီးဆင်းမှုရပ်တန့်နေပါတယ်။
-
RFA Burmese
2024-06-30 -
-
-
ထိုင်း-မြန်မာနယ်စပ်မှာ နယ်မြေအငြင်းပွားမှုဖြစ်ပြီး နယ်စပ်ဂိတ်ပိတ်ထားတာ ၁၀ ရက်ကျော် ရှိလာပြီဖြစ်ပါတယ်။ ဂိတ်ပိတ်ထားတဲ့အတွက် ကုန်စည်စီးဆင်းမှုမရှိလို့ မြို့တွင်းကုန်ပစ္စည်းပြတ်လပ်နေပြီး ကုန်သည်တွေလည်း အခက်အခဲ ကြုံနေရပါတယ်။
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်က ဘုရားသုံးဆူကုန်သွယ်ရေးဂိတ်မှာ တပ်စွဲထားတဲ့ ဒီမိုကရေစီကရင့်အကျိုးပြုတပ်မတော် (DKBA) နဲ့ ထိုင်းနယ်ခြားစောင့်စစ်တပ်တို့ ဇွန်လ ၁၇ရက်က နယ်မြေအငြင်းပွားခဲ့ကြပြီးနောက် DKBA က ထိုင်းကုန်ကားတွေကို မြန်မာဘက် ဝင်ခွင့်မပြုတော့သလို ထိုင်းဘက်ကလည်း မြန်မာကုန်ကားတွေကို ပေးမဝင်တော့ဘဲ ဂိတ်ပိတ်ထားတယ်လို့ DKBA တပ်ဖွဲ့ နဲ့ နီးစပ်တဲ့ ကုန်သည်အမျိုးသမီးတစ်ဦး က RFA ကို ပြောပါတယ်။
"ပြဿနာတက်ကြတဲ့ အကြောင်းအရင်းက Check Point ဘုရားရဲ့ လမ်းအကွေ့ပေါ့နော်၊ ပန်းတန်းအနောက်လမ်းကို DKBA က ပြင်တယ်တဲ့၊ ပြင်တာကို ရှမ်း(ထိုင်း)က ကန့်ကွက်တယ်လို့ ပြောတယ်၊ ထိုင်းဘက်က သူတို့ စာချုပ်နဲ့ ဒီနေရာကို ဝယ်ထားတဲ့အကြောင်း စာချုပ်နဲ့ ပြတယ်လို့လည်း ကြားတယ်၊ အဲ့ဒါပြီးတော့ အဲ့ဒီလမ်းပြင်တာကို ဖျက်လိုက်တယ်၊ ဖျက်လိုက်ပြီးတော့ နှစ်ဖက်တင်းသွားပြီးတော့ ဗမာဘက်ကနေ စပိတ်တယ်၊ ပိတ်ပြီးတော့ နောက်တစ်နေ့ ရှမ်း(ထိုင်း)ကနေ ပိတ်တယ်"
အခုလို ဘုရားသုံးဆူနယ်စပ်ဂိတ် နယ်မြေအငြင်းပွားမှုကြောင့် ဂိတ်ပိတ်ထားတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး DKBA ဘုရားသုံးဆူ တပ်ဖွဲ့တာဝန်ရှိသူ ဗိုလ်အေဝမ်းကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပေမဲ့ အဆက်အသွယ်မရသေးပါဘူး။
လတ်တလောမှာတော့ ဂိတ်ပိတ်ထားတဲ့အတွက် ကုန်ကားတွေ ဘုရားသုံးဆူနယ်စပ်ဂိတ်လမ်းက သွားလို့မရပေမယ့် လောင်စာဆီကားတွေနဲ့ ထိုင်းနဲ့ မလေးရှားကို လူကုန်ကူးတဲ့ကားတွေကတော့ နယ်စပ်ခိုးဝင်လမ်းတွေကနေ သွားလာနေတယ်လို့ ကုန်ကားမောင်းသူတစ်ဦးက ပြောပါတယ်။
"နှစ်ဘက်စလုံးကတော့ ပေးကိုမသွားသေးတာ၊ အဲ့ဒီတော့ တစ်ခြားနယ်စပ်အပေါက်တွေကနေ ထွက်ပြီးတော့ ခိုးဝင်တဲ့ ပုံစံမျိုးတော့ သွားနေတာပေါ့၊ ဓာတ်ဆီဘောက်ဆာကားတို့၊ ဘန်ကောက်တို့ မလေးတို့ လူတွေပို့တဲ့ကားတွေကတော့ ခိုးဝင်တဲ့နေရာကနေ ဆန်ခလဘက်ကို ပတ်ဝင်တာ၊ စားသောက်ကုန်တင်ထားတဲ့ ကားတွေကတော့ ထိုင်းဘက်ခြမ်းမှာ ရပ်ထားရတယ်၊ သုံးဆူဘက်က ကားဝင်းမှာလည်း မြန်မာကုန်ကားတွေ ရပ်ထားတုန်းပဲ"
လက်ရှိ ဘုရားသုံးဆူမြို့မှာ ထိုင်းနိုင်ငံထုတ် စားသာက်ကုန် နဲ့ လူသုံးကုန်ပစ္စည်းတွေ ပြတ်လပ်နေသလို ခိုးဝင်လမ်းတွေကနေ မြန်မာပြည်တွင်းသယ်တဲ့ ကုန်ကားတွေကိုလည်း မုဒုံ-မော်လမြိုင် လမ်းပိုင်းမှာ စစ်ကောင်စီတပ်က ဖမ်းဆီးနေတယ်လို့ ဘုရားသုံးဆူမြို့က ကုန်သည်အမျိုးသမီးတစ်ဦးက ပြောပါတယ်။
"ရှမ်း(ထိုင်း)ကဆင်းတဲ့ ပစ္စည်းတွေဆို မုဒုံ-ကမာဝက် လမ်းမှာလည်း ဖမ်းတယ်၊ စံပယ်ဂူတံတားမှာလည်း ဖမ်းတယ်၊ ခါတိုင်းမဖမ်းဘူး၊ ထိုင်းပစ္စည်း ပြတ်တာပေါ့၊ အသီးအနှံတွေဆို အကုန်စျေးတက်၊ အရွက်တွေကအစ စျေးတက်၊ ရှိတောင်မရှိဘူး"
စစ်ရေးအခြေအနေအရ မြဝတီဘက်ကားလမ်းတွေ လမ်းပန်းဆက်သွယ်ရေးမကောင်းတာကြောင့် ကုန်သည်တွေဟာ ဘုရားသုံးဆူ နယ်စပ်ဂိတ်ကိုပဲ အဓိကအသုံးပြုနေရပြီး နေ့စဥ် ကားအစီးရေ လေးဆယ်ကျော် ဝင်ထွက်သွားလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီဘုရားသုံးဆူနယ်စပ်ဂိတ် ပိတ်ထားရတဲ့ အခြေအနေ နဲ့ ထိုင်းကုန်စည်တွေ စစ်ဆေးဖမ်းဆီးနေတာ နဲ့ ပတ်သက်ပြီး စစ်ကောင်စီ သတင်းပြန်ကြားရေးဌာန က သတင်းထုတ်ပြန်တာ မရှိသလို ကရင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းကျော်သူကို ဆက်သွယ်မေးမြန်း ခဲ့ပေမယ့် ဖုန်းမဖြေပါဘူး။