မြိုင်မြို့နယ်ကို ရိက္ခာပြတ်အောင်လုပ်နေကြောင်း ဒေသခံတွေ ပြော

မြိုင်မြို့နယ်ကို အစစ်အဆေး ပိုတင်းကျပ်လိုက်သလို ဂိတ်တွေကနေ ဈေးဝယ်လာသူတွေရဲ့ ပစ္စည်းတွေကိုပါ ရှာဖွေသိမ်းဆည်းနေပါတယ်။

မကွေးတိုင်း၊ မြိုင်မြို့တစ်နေရာအား ၂၀၂၁ ခုနှစ် မတ်လ ၃ ရက်နေ့က တွေ့ရစဉ်။ We Love Myaing

စစ်အုပ်ချုပ်ရေးကြေညာခံထားရတဲ့ မကွေးတိုင်း၊ မြိုင်မြို့နယ်ကို ပြီးခဲ့တဲ့ နှစ်ပတ်လောက်ကစပြီး အစစ်အဆေး ပိုတင်းကျပ်လိုက်သလို ဂိတ်တွေကနေ ဈေးဝယ်လာသူတွေရဲ့ ပစ္စည်းတွေကိုပါ ရှာဖွေသိမ်းဆည်းနေတာကြောင့် ရိက္ခာပြတ်တောက်မှုနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြိုင်မြို့နယ်ကနေ ပခုက္ကူမြို့ကို ဈေးဝယ်သွားရတဲ့လမ်းမှာ စစ်ကောင်စီတပ်ရဲ့ အင်ပင်စစ်ဆေးရေးဂိတ် ရှိပါတယ်။

အဲဒီဂိတ်ကနေ ဈေးဝယ်လာတဲ့ကားတွေကို တားဆီးစစ်ဆေးတာ၊ ပြန်လှည့်ခိုင်းတာနဲ့ ဈေးဝယ်ပြီးပြန်လာသူတွေရဲ့ စားနပ်ရိက္ခာပစ္စည်းတွေကိုပါ သိမ်းဆည်းနေတာလို့ ဆိုပါတယ်။

ဒါကြောင့် ဒေသခံတွေဟာ သွားရေးလာရေးကအစ ခက်ခဲနေပြီး ရိက္ခာဖြတ်‌တောက်ခံရတဲ့ ပုံစံမျိုးဖြစ်နေတယ်လို့ မြိုင်မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

"အခုက ဒီနောက်ပိုင်းကို ကျွန်တော်တို့ မြိုင်နယ်ကို စစ်ကောင်စီက ရိက္ခာဖြတ်တဲ့ သဘောမျိုး လုပ်တော့တာ။ သွားရေးလာရေး တော်တော်ခက်တယ်။ နောက်တစ်ခု စားဆီဝယ်တာတောင်မှ အကန့်အသတ်နဲ့ ဝယ်ရတယ်။ ဆန်ဆိုရင် ကားတစ်ခေါက် သွားမှ ငါးအိတ်ထက်ပိုမတင်ရဘူးလို့ ပြောတယ်"

စစ်ကောင်စီတပ်ဂိတ်တွေဟာ ဒေသခံတွေဝယ်ယူလာတဲ့ ကျန်းမာရေးနဲ့ပတ်သက်တဲ့ ဆေးဝါးပစ္စည်းတွေအပြင် စားနပ်ရိက္ခာတွေပါ သိမ်းဆည်းနေတယ်လို့ ဆိုပါတယ်။

မြိုင်မြို့နယ်ဟာ လက်နက်ကိုင်ခုခံမှု အားကောင်းတဲ့မြို့နယ်ဖြစ်တာကြောင့် စစ်ကောင်စီတပ်အနေနဲ့ စားနပ်ရိက္ခာဖြတ်တောက်ပြီး ဆန့်ကျင်မှုလျော့ကျအောင် လုပ်နေတာလို့လည်း ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် မြိုင်မြို့ပေါ်ကို ရွာတွေကနေဈေးလာဝယ်တဲ့ ဒေသခံတွေရဲ့ စားသောက်ကုန် ပစ္စည်းတွေကိုလည်း စစ်ကောင်စီတပ်နဲ့ ပတ်သက်သူတွေက ပိုက်ဆံပေးမဝယ်ဘဲ သိမ်းယူနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ RFA အနေနဲ့သီးခြား အတည်မပြုနိုင်သေးသလို စစ်ကောင်စီရဲ့ မကွေးတိုင်း ပြောခွင့်ရသူကို တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

ပြီးခဲ့တဲ့ နှစ်လခန့်ကလည်း မြိုင်မြို့နယ် ရွှေလင်းဆွဲရွာက ကုန်ကားတစ်စီးကို စစ်ကောင်စီတပ်က စစ်ဆေးပြီးဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီလိုအခြေအနေတွေကြောင့် ဒေသခံတွေဟာ သွားရေးလာရေး မလွယ်ကူတော့သလို အလုပ်အကိုင် ရှားပါးမှုနဲ့အတူ စားဝတ်နေရေး ကျပ်တည်းမှုတွေနဲ့ပါ ရင်ဆိုင်နေရတယ်လို့ ပြောကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org