တပ်မတော်က ဖမ်းဆီးထားတဲ့ မြောက်ဦး လက္ကာရွာသားတွေကို ရဲတပ်ဖွဲ့ထံ လွှဲပြောင်းမည်

မြောက်ဦးမြို့နယ်မှာ တပ်မတော်က ဖမ်းဆီးထားတဲ့ လက္ကာကျေးရွာ ဒေသခံတွေကို မကြာခင် ရက်ပိုင်းအတွင်း ရဲတပ်ဖွဲ့လက်ထဲ လွှဲအပ်ဖို့ စီစဉ်နေပြီလို့ သိရပါတယ်။

မြောက်ဦးမြို့နယ် လက္ကာကျေးရွာကနေ ဖမ်းဆီးခံထားရသူတွေရဲ့ မိသားစုဝင်တွေနဲ့ ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌတို့ ၂ဝ၁၉ ခုနှစ် ဧပြီလ ၂၅ ရက်နေ့က တွေ့ဆုံခဲ့စဉ် Photo: Min Thein Aung‎/RFA

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှာ တပ်မတော်က ဖမ်းဆီးထားတဲ့ လက္ကာကျေးရွာ ဒေသခံတွေကို မကြာခင် ရက်ပိုင်းအတွင်း ရဲတပ်ဖွဲ့ထံလွှဲအပ်ဖို့ စီစဉ်နေကြောင်း ဖမ်းဆီးခံထားရသူတွေရဲ့ မိသားစုတွေကို ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကြည်လင်းက ဒီနေ့မနက်က ပြောဆိုလိုက်ပါတယ်။

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် လက္ကာကျေးရွာမှာ AA နဲ့ ပတ်သက်တယ်ဆိုပြီး တပ်မတော်က ဖမ်းဆီးထားသူတွေရဲ့ မိသားစုဝင်တွေဟာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု၊ ပြည်နယ်လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဖုန်းတင့်၊ ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကြည်လင်းတို့နဲ့ ဒီနေ့မနက်က ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ သီးသန့်တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။

တွေ့ဆုံပွဲမှာ မိသားစုဝင်တွေက ဖမ်းဆီးခံထားရသူတွေနဲ့ တွေ့ဆုံခွင့်တောင်းဆိုခဲ့ကြပါတယ်။

ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကြည်လင်းက မကြာခင်ရက်ပိုင်း ရဲတပ်ဖွဲ့ထံလွှဲအပ်ပြီးနောက်မှာ မိသားစုနဲ့ တွေ့ခွင့်ပေးမယ်လို့ပြောဆိုခဲ့ကြောင်း ဒီနေ့ တွေ့ဆုံရာမှာပါဝင်တဲ့ ဖမ်းဆီးခံထားရသူ ကိုနိုင်ဝင်းရဲ့ဖခင် ဦးကျန်မောင်က ပြောပါတယ်။

လက္ကာကျေးရွာက လူ ၂၇ ဦးကို AA နဲ့ ပတ်သက်တယ်ဆိုပြီး ဧပြီလ ၁၀ ရက်နေ့က တပ်မတော်က ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

အဲဒီအထဲက လူ ၃ ဦးဟာ ဖမ်းဆီးထားစဉ်မှာပဲ သေဆုံးခဲ့ပါတယ်။

သေဆုံးသူတွေထဲမှာ ကိုဇော်မျိုးထွန်းဟာ သူ့ဟာသူ နှလုံးအမောဖောက်ပြီး သေဆုံးတာဖြစ်ကြောင်း၊ ဦးသိန်းထွန်းစိန်က ကြိုးဆွဲချ သေဆုံးတာဖြစ်ကြောင်း၊ ဦးမောင်သန်းနုကတော့ မူးယစ်ဆေးဝါး မသုံးရလို့ သူ့ဟာသူ သေသွားတာဖြစ်ကြောင်း အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးက RFA ကို ပြောပါတယ်။

သေဆုံးတဲ့ ရုပ်အလောင်းတွေကို မိသားစုတွေ သဂြိုၤဟ်ခွင့်မရခဲ့ကြသလို မိသားစုဝင်တွေကို တစ်စုံတစ်ရာ အသိမပေးခဲ့ဘူးလို့လည်း သေဆုံးသူတွေရဲ့ မိသားစုဝင်တွေက RFA ကို ပြောပါတယ်။

သေဆုံးသူတွေရဲ့ မိသားစုကို အသိပေးအကြောင်းကြားတာရှိ၊ မရှိ သိရှိနိုင်ဖို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီ းဝင်းဇော်ဦးကို RFA ကမေးမြန်းရာမှာ ဒီကိစ္စနဲ့ပတ်သက်လို့ သူ့အနေနဲ့ မသိရှိဘူးလို့ တုန့်ပြန်ခဲ့ပါတယ်။

ဖမ်းဆီးထားသူတွေထဲက ကျန်ရှိနေသူတွေကို မကြာခင်ရက်ပိုင်း တပ်မတော်က ရဲတပ်ဖွဲ့ထံ လွှဲပြောင်းပြီးနောက် အဲဒီအထဲက ၂ ဦးကို ပြန်လွှတ်ပေးဖို့ရှိတဲ့အကြောင်း ပြည်နယ်အစိုးရက မိသားစုဝင်တွေကို ပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။

ဒီနေ့မနက်က မိသားစုဝင်တွေနဲ့ တွေ့ဆုံတာကို သတင်းထောက်တွေက သတင်းယူဖို့ ကြိုးစားခဲ့ကြပေမယ့် ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက သတင်းယူခွင့် မပြုခဲ့ပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org