ဗြိတိန် ဓနသဟာယရုံး ဝန်ကြီး မြန်မာနိုင်ငံ ရောက်ရှိ
ဗြိတိန်နိုင်ငံခြားရေးရုံးနဲ့ ဓနသဟာယရုံး ဝန်ကြီး Mr.Hugo Swire ဟာ မြန်မာနိုင်ငံ ကို မနေ့က ဒုတိယအကြိမ်မြောက် ရောက် ရှိလာခဲ့ပါတယ်။
-
2014-01-28 -
-
-
ဗြိတိန်နိုင်ငံခြားရေးရုံးနဲ့ ဓနသဟာယရုံးဝန်ကြီး Mr. Hugo Swire ဟာ မြန်မာနိုင်ငံကို မနေ့က ဒုတိယအကြိမ်မြောက် ရောက်ရှိလာခဲ့ပါတယ်။
Mr. Swire ဟာ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ၊ ပြည်ထောင်စု လွှတ်တော်နာယက သူရ ဦးရွှေမန်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ နေပြည်တော်မှာ မနေ့က တွေ့ဆုံခဲ့ပါတယ်။
Mr. Swire ရဲ့ ခရီးစဉ်ဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေးရာ ပြုပြင်ပြောင်းလဲမှုတွေ၊ ရခိုင်ပြည်နယ်က အခြေအနေတွေနဲ့ ပတ်သက်ပြီး မြန်မာခေါင်းဆောင်တွေ နဲ့ ဆွေးနွေးဖို့ဖြစ်ကြောင်း ဗြိတိန်အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။
ဒီနှစ်ဟာ မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းမှုအတွက် အထူးအရေးကြီးတဲ့ နှစ်ဖြစ်ပါတယ်၊ မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့ သုံးနှစ်အတွင်း အတော်လေး ခရီးရောက်ခဲ့တယ်ဆိုတာ အခု မိမိရဲ့ ဒုတိယမြောက်ခရီးစဉ်မှာ တွေ့မြင်ရတဲ့ အတွက် ကျေနပ်အားရမိပါတယ်၊ ဒါပေမဲ့လုပ်စရာတွေက အများကြီးကျန်နေပါသေးတယ်၊ အခု လက်ရှိမှာ အရေးတကြီးဆောင်ရွက်ဖို့ လိုနေတာကတော့ ၂၀၁၅ ရွေးကောက်ပွဲ ဒီမိုကရေစီနည်းကျဖြစ်ဖို့ ပြင်ဆင်ရေး ပဲ ဖြစ်ပါတယ်၊ နိုင်ငံသားအားလုံး သမ္မတဖြစ်ခွင့်ရှိရေး၊ တန်းတူယှဉ်ပြိုင်ခွင့်ရရေးပဲ ဖြစ်ပါတယ်လို့ မစ္စတာ Swire က နေပြည်တော်မှာ ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် ရခိုင်ပြည်နယ်မှာ လတ်တလောဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီးတော့လည်း ဗြိတိန်အစိုးရအနေနဲ့ အထူးစိုးရိမ်မှုရှိနေကြောင်း၊ ဒီအတွက် မြင်သာထင်သာရှိတဲ့ စုံစမ်းစစ်ဆေးမှုတွေဆောင်ရွက်ဖို့ တိုက်တွန်းပါကြောင်း၊ အကြမ်းဖက်တာတွေ ဆက်ဖြစ်နေတာဟာ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေအတွက် အန္တရာယ်ရှိကြောင်း မစ္စတာ Swire က ပြောဆိုပါခဲ့တယ်။
Mr. Swire ဟာ ဒီကနေ့ ကချင်ပြည်နယ်ကို သွားရောက်မှာဖြစ်ပြီး၊ ကြာသပတေးနေ့မှာတော့ ရန်ကုန်တက္ကသိုလ်မှာ မိန့်ခွန်းပြောကြားမှာဖြစ်ပါတယ်။
ဗြိတိန်နိုင်ငံခြားရေးရုံး နဲ့ ဓနသဟာယရုံး ဝန်ကြီး Mr. Hugo Swire နဲ့ မြန်မာခေါင်းဆောင်တွေ တွေ့ဆုံ ခဲ့ရာမှာ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန် သံအမတ်ကြီး Mr. Andrew Patrick၊ စစ်သံမှူး ဗိုလ်မှူးကြီး Tony Stern တို့လည်း တက်ရောက်ခဲ့ကြပါတယ်။