မုံရွာမှာ စစ်ကြောင်းကြောင့် ဒေသခံ ရှစ်ထောင်ကျော် ဘေးလွတ်ရာတိမ်းရှောင်
2025.03.12

စစ်ကိုင်းတိုင်း မုံရွာမြို့နယ်ထဲက ရွာတွေကို စစ်ကောင်စီတပ်က မတ်လ ၁၂ ရက်နေ့ မနက်ပိုင်းမှာ စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံ ရှစ်ထောင်ကျော် ဘေးလွတ်ရာ တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အင်အားတစ်ရာကျော်ပါတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းက မုံရွာမြို့နယ် ချင်းတွင်းမြစ်အနီးက ရွာတွေဘက်ကို စစ်ကြောင်းထိုးနေတာလို့ မုံရွာ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“မနေ့က မုံရွာကနေပြီးတော့ ကားလေးစီးနဲ့ မအူဂိတ်မှာ အင်အားချတယ်။ အဲဒီကနေ တောပုရွာ ပျူစောထီးစခန်းကို ဝင်တယ်။ တောပုကနေ ဒီမနက်စောစော စစ်ကြောင်းထွက်တယ်။ အခုတော့ ကျွန်းကြီးကနေ ချမ်းသာကျွန်းဘက်ကို ပြန်ခေါက်လာပြီကြားတယ်။ သူက နယ်မြေရှင်းလင်းရေး လုပ်တဲ့သဘောပဲ”
စစ်ကြောင်းထိုးချိန် ချမ်းသာကျွန်းရွာအနီးက ကာကွယ်ရေးတပ်ဖွဲ့ တပ်စခန်းတစ်ခု စီးနင်းခံရတယ်လို့ ဒေသခံတွေက ပြောဆိုကြပြီး အသေးစိတ်သိနိုင်ဖို့ RFA က ဆက်လက်စုံစမ်းနေပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။
မတ်လ ၄ ရက်နေ့ကလည်း မုံရွာမြို့ကနေ မြင်းမူမြို့ကို ထွက်ခွာလာတဲ့ စစ်ကောင်စီယာဉ်တန်းကို မုံရွာ-မန္တလေး လမ်းတစ်နေရာမှာ ကာကွယ်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ချိန် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ ဦးသေဆုံးခဲ့တယ်လို့ ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CHUPDF) က ထုတ်ပြန်ထားတယ်။
လက်နက်ကိုင် ပဋိပက္ခတွေကြောင့် နိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးရသူ အရေအတွက် တိုးလာနေပြီး ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ထုတ်ပြန်ချက်အရ ပြည်တွင်း နေရပ်စွန့်ခွာရသူ သုံးသန်းခွဲကျော် ရှိပါတယ်။