မုံရွာမှာ လက်နက်ကြီးကြောင့် တစ်ဦးသေ၊ ခြောက်ဦးဒဏ်ရာရ
2024.06.06
စစ်ကိုင်းတိုင်း မုံရွာမြို့နယ် ထနောင်းတော (တောင်) ရွာမှာ ဇွန်လ ၄ ရက်နေ့ညပိုင်းက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ အမျိုးသမီးတစ်ဦး သေဆုံးပြီး ခြောက်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မုံရွာမြို့အဝင် စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီဂိတ်နဲ့ ၅ မိုင်ခန့်ဝေးတဲ့ ထနောင်းတော (တောင်) ရွာ နေအိမ်ပေါ်ကို ကျရောက်ပေါက်ကွဲပြီး မိသားစုဝင်တွေကို ထိမှန်ခဲ့တာပါ။
ဒီပေါက်ကွဲမှုကြောင့် အသက် ၄၄ နှစ်အရွယ် မဝင်းဝင်းမာ သေဆုံးခဲ့တယ်လို့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ ထနောင်းတော (တောင်) ရွာသားတစ်ဦးက RFA ကို ပြောပါတယ်။
"ရွာအနောက်ဘက် တစ်လုံး၊ ရွာထဲ တစ်လုံးကျတာ။ အိမ်နှစ်အိမ်ကပ်ရပ်ကို တစ်အိမ်ရဲ့ခေါင်မိုးပေါ် တည့်တည့်ကျတာဗျ။ အဲအိမ်က မိသားစု လေးယောက်ရှိတာ အကုန်လုံးမှန်တာတာပေါ့။ သူ့ရဲ့ဘေးအိမ်ကတော့ မိသားစု သုံးယောက်ရှိတာ။ အဲမှာ အမျိုးသမီးကတော့ နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားတာဗျ"
ဒီအပြင် ဒဏ်ရာရခဲ့သူ ခြောက်ဦးရှိပြီး အဲဒီထဲက သုံးဦးက ဒဏ်ရာပြင်းထန်တဲ့အတွက် စိုးရိမ်ရတယ်လို့ ပြောပါတယ်။
ဇွန်လ ၄ ရက်ညနေပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းအဖွဲ့တွေက မုံရွာမြို့တောင်ဘက်က စစ်ကောင်စီတပ်ဂိတ်ကို ဒရုန်းဗုံး၊ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပြန်လည်ပစ်ခတ်တာတွေရှိခဲ့တာလို့ PDF တွေက ပြောပါတယ်။
ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းခေါ်ဆိုလို့ မရပါဘူး။
RFA က ပြုစုထားတဲ့ စာရင်းအရ စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီကနေ မေလအထိ ငါးလအတွင်းမှာ သေဆုံးသူ ၆၆၂ ဦးရှိခဲ့ပြီး ဒဏ်ရာရသူက ၁၄၉၂ ဦးအထိရှိခဲ့ပါတယ်။