မုံရွာမြို့နယ် တောင်မာတောရွာ စီးနင်းခံရပြီး လူနှစ်ဆယ်ကျော် ဖမ်းဆီးခံထားရ
2024.05.31
စစ်ကိုင်းတိုင်း၊ မုံရွာမြို့အရှေ့ဘက် ဗောဓိတစ်ထောင်ဘုရားအနီးက တောင်မာတောရွာကို မေလ ၃၁ ရက် ဒီနေ့မနက်ပိုင်းမှာ စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး ရွာသူ၊ ရွာသား နှစ်ဆယ်ကျော်ကို ဓားစာခံအဖြစ် ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အင်အားတစ်ရာကျော်ပါတဲ့ စစ်ကြောင်းဝင်ရောက်လာချိန် ထိပ်တိုက်တိုးတဲ့ ရွာအနောက်ပိုင်းမှာနေထိုင်တဲ့ ရွာခံတွေ ဖမ်းဆီးခံထားရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တောင်မာတောရွာခံတစ်ဦးက RFA ကို ပြောပါတယ်။
“မနက်က ၅ နာရီလောက်မှာ စစ်ကြောင်းက ရွာအနောက်ဘက်ကဝင်တာ။ တချို့က ရွာမှာမအိပ်ရဲလို့ ရွာပြင်ထွက် အိပ်ကြတာလေ။ ဖမ်းခံထားရတဲ့သူတွေက နှစ်ဆယ်ကျော်တယ်။ ဘယ်သူဘယ်ဝါ ဖမ်းခံရတယ်လို့ မသိသေးဘူး။ ဓားစာခံသဘောမျိုး ဖမ်းထားတာပေါ့”
ဖမ်းဆီးခံထားရသူတွေကို ရွာကဘုန်းတော်ကြီးကျောင်းမှာ ခေါ်ထားပြီး နောက်ဆက်တွဲအခြေတွေကိုတော့ မသိရသူဘူးလို့ သူက ပြောပါတယ်။
ဒီစစ်ကြောင်းဟာ မုံရွာမြို့နယ်အရှေ့ခြမ်းက ရွာတွေကို လေးရက်ဆက်တိုက် စစ်ကြောင်းထိုးဝင်ရောက်နေတာလို့ ဒေသခံတွေက ပြောပါတယ်။ အိမ်ခြေ ၃၇၀ ကျော်ရှိတဲ့ တောင်မာတောရွာက ဒေသခံအများစုကတော့ ဘေးလွတ်ရာမှာ တိမ်းရှောင်နေကြတယ်လို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ၂၀၂၄ ခုနှစ် မေလ ၃၀ ရက်နေ့အထိ ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းမှာ လူပေါင်း နှစ်သောင်းခွဲကျော် (၂၆,၇၈၈ ဦး) ဖမ်းဆီးခံခဲ့ရပါတယ်။