မြန်မာရုပ်ရှင်ဆင်ဆာ အဖွဲ့ကို တိုက်ရိုက် ဝေဖန်တဲ့ ဇာတ်လမ်းတစ်ခု အင်တာနက်မှာ ပျံ့နှံ့
မြန်မာအစိုးရ ရုပ်ရှင် တည်းဖြတ်ရေး ဆင်ဆာအဖွဲ့ အဂတိ လိုက်စားမှုတွေကို ဝေဖန် ထောက်ပြ သရော်ထားတဲ့ ရုပ်ရှင်ဇာတ်လမ်းတို တစ်ပုဒ် အခု ရက်ပိုင်းအတွင်း Youtube အင်တာနက် ဗွီဒီယို စာမျက်နှာတွေက တစ်ဆင့် ပျံ့နှံ့ခဲ့ပါတယ်။
-
2011-12-21 -
-
-
မြန်မာအစိုးရ ရုပ်ရှင် တည်းဖြတ်ရေး ဆင်ဆာအဖွဲ့ အဂတိ လိုက်စားမှုတွေကို ဝေဖန် ထောက်ပြ သရော်ထားတဲ့ Ban That Scene (အဲဒီ့အခန်းဖြတ်) ရုပ်ရှင်ဇာတ်လမ်းတို၏ ဇာတ်ကားအဖွင့်ပုံ ဖြစ်ပါသည်။
ဒါဟာ မြန်မာ အစိုးရ အဆက်ဆက် သြဇာ အာဏာကြီးတဲ့ ဆင်ဆာအဖွဲ့ကို နှစ်ပေါင်း ၅၀ ကျော်အတွင်း တိုက်ရိုက် ဝေဖန်တဲ့ ပထမဆုံး ရုပ်ရှင်ဇာတ်လမ်းလည်း ဖြစ်ပါတယ်။
ဒီဇာတ်လမ်းဟာ ရှေ့နှစ်ဆန်း ဇန်နဝါရီလ ၁ ရက်ကနေ ၄ ရက် အထိ ကျင်းပမယ့် အနုပညာ လွတ်လပ်ခွင့်လို့ အဓိပ္ပါယ်ရတဲ့ Freedom of Art အမည်နဲ့ ကျင်းပမယ့် မှတ်တမ်းနဲ့ ဇာတ်လမ်းတို ရုပ်ရှင် ပြိုင်ပွဲဝင်မှာပါ။
ဒါကြောင့် အဲဒီဇာတ်ကားကို ဆင်ဆာတင်စရာ မလိုကြောင်း၊ ဒါပေမယ့် ဒီဇာတ်ကား အင်တာနက် ယူကျူ့မှာ ဘယ်လို ရောက်သွားရသလဲ ဆိုတာ မသိတဲ့ အကြောင်း၊ အဲဒီ ဇာတ်ကားထဲမှာ ပါဝင် သရုပ်ဆောင်သူ တစ်ဦးဖြစ်တဲ့ လူရွှွင်တော် အရိုင်းက ပြောပါတယ်။ ဒါ့အပြင် ဒီဇာတ်ကားကြောင့် တ့ုံပြန်လာမှာ အားလုံးကို ရင်ဆိုင်မယ်လို့ ကိုအရိုင်းက ပြောပါတယ်။
အဲဒီဇာတ်လမ်းထဲမှာ ဆင်ဆာအဖွဲ့မှာ အဓိက လုပ်ပိုင်ခွင့်ရှိတဲ့ ဗိုလ်မှူးနဲ့ ဌာနဆိုင်ရာ အရာရှိတချို့က ရုပ်ရှင်တစ်ကားကို ကြည့်ရှု စိစစ်ကြရာမှာ ဆင်းရဲသား ပြကွက်တွေ၊ အမျိုးသမီး ဘောင်းဘီတို ဝတ်တာတွေ၊ ဝန်ထမ်းတွေကို လာဘ်ထိုးတာတွေ၊ ဥပဒေ စိုးမိုးမှု မရှိတာတွေ စတဲ့ အခန်းတွေကို ဆင်ဆာအဖွဲ့ဝင် လူကြီးတွေက စိတ်ဆိုးမာန်ဆိုးနဲ့ ဖြတ်တောက်ခိုင်းနေတာတွေကို ဟာသပုံစံနဲ့ သရော်ထားပါတယ်။ ဇာတ်လမ်းထဲက မီးပျက်တဲ့ ပြကွက်ကို ဆင်ဆာအဖွဲ့ ဦးဆောင် ဗိုလ်မှူးက ဖြတ်တောက်ခိုင်းနေတုန်း ရုံထဲမှာ တကယ်မီးပျက်သွားတဲ့ အခန်းလည်း ပါပါတယ်။
အဲဒီဇာတ်ကားကို ပြည်တွင်းက ဟာသနဲ့ ဇာတ်ရံ အမျိုးသား အမျိုးသမီး သရုပ်ဆောင်တွေ ပါဝင်ထားကြပြီး အင်္ဂလိပ်စာတန်း ထိုးထားပါတယ်။
ဒီဇာတ်ကားမှာ ပါဝင် သရုပ်ဆောင်ခဲ့တဲ့ ကိုအရိုင်းကို ဆက်သွယ်ပြီး အာရ်အက်ဖ်အေ ဝိုင်းတော်သား ကိုခင်မောင်စိုးမင်း စုစည်း တင်ပြထားတာကို နားဆင်နိုင်ပါတယ်။
ဆက်သွယ်မေးမြန်းချက်။ |
|
အသံဖိုင်ယူရန်။ |