ရခိုင်မှာ လုံခြုံရေးတိုးမြှင့်

ရခိုင်ပြည်နယ်အတွင်းက မွတ်စလင်တွေကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနဲ့ စိစစ်သွားဖို့ အတွက် မြေပုံ၊ ကျောက်ဖြူ၊ ပုဏ္ဏားကျွန်း စတဲ့မြို့နယ်တွေမှာ လုံခြုံရေးအတွက် အစိုးရက ရဲတပ်ရင်း ၃ ခုကို ဒီနေ့ကနေ စတင်ပြီး တိုးမြှင့်ချထားပါတယ်။

ရခိုင်ပြည်နယ်မှာ လုံခြုံရေးတိုးမြှင့်ထားတဲ့ ရဲတပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ် Photo: Min Thein Aung/ RFA

ရခိုင်ပြည်နယ်အတွင်းက မွတ်စလင်တွေကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနဲ့ စိစစ်သွားဖို့ အတွက် မြေပုံ၊ ကျောက်ဖြူ၊ ပုဏ္ဏားကျွန်း စတဲ့မြို့နယ်တွေမှာ လုံခြုံရေးအတွက် အစိုးရက ရဲတပ်ရင်း ၃ ခုကို ဒီနေ့ကနေ စတင်ပြီး တိုးမြှင့်ချထားပါတယ်။

အဲ့ဒီရဲတပ်ရင်းတွေကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနဲ့ စီစစ်ပြီးတဲ့နောက်မှာ ပြန်လည်ရုပ်သိမ်း မှာ ဖြစ်တယ်လို့ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

"သူတို့ကအဲ့ကိစ္စပြီးရင် ပြန်မှာပေါ့၊ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကို ဆောင်ရွက်တဲ့အချိန်မှာတော့ အဲ့မှာရှိမှာပေါ့၊ ဒါကတော့ စမ်းသပ်ပြီးမှလုပ်မယ့်သဘောပါပဲ၊ ပုဏ္ဏားကျွန်းမှာလည်း တပ်ရင်းရောက်တယ်၊ ကျောက်ဖြူမှာလည်းရောက်တယ်"

ရခိုင်ပြည်နယ် မြေပုံနဲ့ ကျောက်ဖြူမြို့နယ်နှစ်ခုကို ပိုင်းလော့ဧရိယာအဖြစ်သတ်မှတ်ပြီး မွတ်စလင် တွေကို အစိုးရက အခုလအတွင်းမှာပဲ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံ သားဥပဒေနဲ့ စိစစ်ဖို့ပြင်ဆင်နေတာလို့ လည်းပြောပါတယ်။

အခုတိုးမြှင့်ထားတဲ့ ရဲတပ်ရင်းတစ်ခုစီမှာ အင်အား ၃၀၀ လောက်ပါဝင်ပြီး မြေပုံမြို့မှာတော့ ရဲတပ်ရင်း တစ်ခုလုံး ဒီနေ့စတင်ရောက်ရှိလာကြတာဖြစ်တယ်လို့ မြို့ခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့အစိုးရလက်ထက်မှာလည်း မြေပုံမြို့နယ်အပါအဝင် ရခိုင်ပြည်နယ်အနှံ့က မွတ်စလင်တွေကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေအရ စိစစ်ခဲ့ပေမယ့် ကန့်ကွက်မှုတွေကြောင့် ရပ်နားခဲ့ရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org