မုံရွာမှာ လက်နက်ကြီးနဲ့ ဒရုန်းဗုံးကြောင့် အရပ်သားနှစ်ဦး သေဆုံး

မုံရွာမြို့နယ် ထနောင်းတော (မြောက်) ရွာမှာ ဇူလိုင် ၉ ရက်နဲ့ ၁၀ ရက်နေ့က စစ်တပ်ရဲ့ လက်နက်ကြီးနဲ့ ဒရုန်းဗုံးတွေကြောင့် နှစ်ဦး သေဆုံးပြီး နောက်ထပ် လေးဦး ဒဏ်ရာရခဲ့ပါတယ်။

၂၀၂၂ ခုနှစ် စက်တင်ဘာလအတွင်းက မီးရှို့ဖျက်ဆီးခံခဲ့ရသည့် ထနောင်းတော(မြောက်)ရွာအား တွေ့ရစဉ်။ Facebook/မုံရွာ - မြင့်လမ်းသတင်းမှန်ပြန်ကြားရေး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် ထနောင်းတော (မြောက်) ရွာမှာ ဇူလိုင်လ ၉ ရက်နဲ့ ၁၀ ရက်နေ့က စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ ဒရုန်းဗုံးတွေကြောင့် အရပ်သားနှစ်ဦး သေဆုံးပြီး နောက်ထပ် လေးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇူလိုင်လ ၉ ရက် ညက မုံရွာ-မန္တလေး အမြန်လမ်းမကြီးပေါ် မြေနဲရွာအနီး အထိုင်ချထားတဲ့ စစ်ကောင်စီတပ်က ထနောင်းတော (မြောက်) ရွာကို ဒရုန်းဗုံးကြဲချခဲ့လို့ ရေဘေးကြောင့် ဘေးလွတ်ရာ ရွှေ့ပြောင်းနေထိုင်တဲ့ မိသားစုတစ်စု ထိခိုက်ခဲ့ပြီး အသက် ၆၅ နှစ်အရွယ် ဦးဇော်ဝင်းနိုင် သေဆုံးသွားတယ်လို့ ထနောင်းတော (မြောက်) ရွာခံ တစ်ဦးက RFA ကို ပြောပါတယ်။

“အဲဒီမိသားစုက ညောင်ပင်သာရဲ့အနောက်ဘက် တံတားနားလေးမှာနေတာ။ ရေတွေတက်လာတော့ ထနောင်းတောရွာဘက်ပိုင်းက ရေမကြီးတော့ အဲဒီဘက်ကို လာနေတာ။ ဒရုန်းနဲ့ဗုံးကြဲတော့ မိသားစုလိုက်ကို ထိသွားတာ။ နောက်ထပ်မိသားစုဝင် သုံးဦးလည်း ဒဏ်ရာရတယ်”

ဇူလိုင်လ ၁၀ ရက်နေ့ကလည်း ထနောင်းတော (မြောက်) ရွာကို စစ်ကောင်စီတပ်ရဲ့ မအူဂိတ်ကနေ လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့လို့ ရွာမှာနေထိုင်တဲ့ အသက် ၆၂ နှစ်အရွယ် ဒေါ်ခင်ဌေးသေဆုံးပြီး အမျိုးသားတစ်ဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မုံရွာမြို့နယ်မှာ စစ်ကောင်စီတပ်က လက်နက်ကြီး၊ ဒရုန်းဗုံးတွေနဲ့ မကြာခဏ ပစ်ခတ်နေလို့ ဒေသခံတွေ ထိခိုက်နေရတယ်လို့ မုံရွာ - အမြင့်လမ်း သတင်းမှန်ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးကလည်း RFA ကို ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA ကတယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

RFA ရဲ့ စာရင်းတွေအရ စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၄ ခုနှစ် မေလကုန်အထိ သုံးနှစ်ကျော်အတွင်း လေကြောင်းနဲ့ လက်နက်ကြီးကြောင့် စုစုပေါင်း အရပ်သား နှစ်ထောင်နီးပါး (၁၉၄၂ ဦး) သေဆုံးခဲ့ပြီး ဒဏ်ရာရသူကတော့ လေးထောင်နီးပါး (၃၈၆၆ ဦး) အထိ ရှိနေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org