မုံရွာမှာ ကလေး နှစ်ဦးအပါအဝင် ခြောက်ဦး ပစ်သတ်ခံရ

မုံရွာမြို့ အိုးရှင်းစူပါစင်တာအနီး ကလေးနှစ်ဦး အပါအဝင် ခြောက်ဦး ပစ်သတ်ခံလိုက်ရပါတယ်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့လယ်တစ်နေရာကို ၂၀၂၁ ခုနှစ်၊ ဧပြီလ ၁၄ ရက်နေ့က တွေ့ရစဉ်။ Citizen Photo

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အိုးရှင်းစူပါစင်တာအနီး ချင်းတွင်းမြစ်ကမ်းက မြစ်ဘေးတာရိုးပေါ်မှာ သြဂုတ်လ ၂၄ ရက်နေ့က ကလေးနှစ်ဦး အပါအဝင် ခြောက်ဦး ပစ်သတ်ခံလိုက်ရတယ်လို့ မုံရွာမြို့ခံတွေက RFA ကို ပြောပါတယ်။

အဲဒီနေ့ ညနေသုံးနာရီခန့်က အိုးရှင်းစူပါစင်တာ အရှေ့ဘက် ဗိုလ်ချုပ်လမ်းဘေးမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ဖွဲ့က ချင်းတွင်းမြစ်ဆိပ်ကမ်းမှာ အရပ်သားတွေကို ငွေတောင်းခံနေချိန် မြို့ပေါ်က စစ်ကောင်စီလှည့်ကင်းတပ်ဖွဲ့နဲ့တွေ့ပြီး အပြန်အလှန် ပစ်ခတ်မှုဖြစ်ခဲ့တာပါ၊

စစ်ကောင်စီတပ်ဖွဲ့အချင်းချင်း ပစ်ခတ်မှုကြောင့် အနီးမှာရှိတဲ့ အသက် ငါးနှစ်အောက် ကလေးနှစ်ဦးနဲ့ အမျိုးသား လေးဦး ကျည်ထိမှန်သေဆုံးခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မုံရွာမြို့ခံ အမျိုးသမီးတစ်ဦးက RFA ကို ပြောပါတယ်။

"သူတို့ (စစ်ကောင်စီတပ်ဖွဲ့) အဖွဲ့အချင်းချင်းပစ်ကြတယ်လို့ သိရတယ်။ ပစ်ကြခတ်ကြတော့ သူတို့နား တာရိုးမှာဆော့နေတဲ့ ကလေးတွေနဲ့ လူကြီးတွေ မှန်တာ။ ကိုယ်သိတဲ့သူတစ်ယောက်လည်း ခေါင်းပွင့်သွားတယ်။ သူတို့က အဲလိုမျိုး ခဏခဏလည်း ဖြစ်ကြတယ်"

သေဆုံးသူတွေရဲ့ အသေးစိတ်အချက်တွေကိုတော့ မသိရဘူးလို့ သူကပြောပါတယ်။

သြဂုတ်လ ၂၅ ရက်နေ့ကလည်း ရဲနဲ့ စစ်ကောင်စီတပ်က မုံရွာမြို့ပေါ်နဲ့ အနီးအနားရွာတွေကို ကားတွေနဲ့လှည့်ပြီး လမ်းသွားလမ်းလာ၊ အလုပ်ရုံတွေနဲ့ နေအိမ်ထဲဝင်ပြီး အမျိုးသား ငါးဆယ်ထက်မနည်း စစ်မှုထမ်းဖို့ ဖမ်းဆီးသွားတယ်လို့ မုံရွာမြို့ခံတွေက ပြောပါတယ်။

ဒါနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဩဂုတ်လ ၂၆ ရက်နေ့အထိ စာရင်းတွေအရ အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းက အရပ်သား ၅၅၅၅ ဦး သတ်ဖြတ်ခံရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org