သံဃာတော်တွေ သပိတ်မှောက်ကံဆောင်တဲ့ မြို့နယ် နှစ်ဆယ်အထိရှိလာ
စစ်ကောင်စီကို သပိတ်မှောက်ကံဆောင်တဲ့ လှုပ်ရှားမှုမှာ မြို့နယ်ခြောက်ခုက သံဃာတော်တွေ ပါဝင်လာတာကြောင့် ဒီလှုပ်ရှားမှုမှာ ပါဝင်လာတဲ့မြို့နယ် နှစ်ဆယ်အထိရှိလာပါပြီ။
-
RFA Burmese
2024-07-03 -
-
-
စစ်ကောင်စီကို သပိတ်မှောက်ကံဆောင်တဲ့ လှုပ်ရှားမှုမှာ ဇူလိုင်လ ၂ ရက်နေ့နဲ့ ၃ ရက်နေ့တွေအတွင်း စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ မန္တလေးတိုင်းမှာရှိတဲ့ မြို့နယ်ခြောက်ခုက သံဃာတော်တွေ ပါဝင်လာတာကြောင့် ဒီလှုပ်ရှားမှုမှာ ပါဝင်လာတဲ့မြို့နယ် နှစ်ဆယ်အထိရှိလာပါပြီ။
မန္တလေးတိုင်း မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီး၊ စစ်ကိုင်းတိုင်း ကနီ၊ ရေဦးနဲ့ မကွေးတိုင်း ဆိပ်ဖြူမြို့နယ်က သံဃာတော်တွေ ပါဝင်လာတာပါ။
ရေဦး ဒေသခံတစ်ဦးကတော့ ရေဦးမြို့နယ်အတွင်းမှာရှိတဲ့ ရွာတွေက သံဃာတော်တွေ ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ စုစည်းပြီး ကံဆောင်သပိတ် ပြုလုပ်ခဲ့တာလို့ RFA ကို ပြောပါတယ်။
“ဆရာတော်တွေ ကံဆောင်သပိတ်မှာ ပါဝင်ချင်တယ်ဆိုတော့ ကျွန်တော်တို့မြို့နယ် ရွာထဲမှာရှိတဲ့ သံဃာတော်တွေကို လိုက်ပင့်ဖိတ်ပြီး ကျောင်းတစ်ကျောင်းမှာစုပြီး ကံဆောင်သပိတ် ပြုလုပ်ကြတာပေါ့။ ရေဦးမြို့နယ်က အရင်ကတည်းက တော်လှန်ရေး အားကောင်းပါတယ်။ အခုက သံဃာတော်တွေကပါ သပိတ်မှောက်ပြီဆိုတော့ စစ်ကောင်စီ ဆန့်ကျင်ရေး ပိုအားကောင်းသွားတယ်”
ဝင်းနိမ္မိတာရုံကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ မုနိန္ဒာဘိဝံသကို စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့အပေါ် သံဃာတော်တွေရဲ့ ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်မှောက်မှုကို ဇွန်လ ၂၃ ရက်နေ့မှာ စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်က သံဃာတော်တချို့နဲ့ စတင်ခဲ့တာပါ။
ဒီလှုပ်ရှားမှုနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုလာတာ မရှိသေးပါဘူး။
ကံဆောင်သပိတ်မှာ ဦးဆောင်ပါဝင်တဲ့ သံဃာတော်တွေကတော့ စစ်ကောင်စီ ကျူးလွန်နေတဲ့ ပြစ်မှုတွေကို အရေးယူဆောင်ရွက်နိုင်ဖို့ ပြည်တွင်း၊ ပြည်ပ သံဃာတော်တွေ ဒီလှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။
အမေရိကန်နိုင်ငံ ပြည်နယ်အသီးသီးမှာရှိတဲ့ သံဃာတော်တွေကလည်း စစ်ကောင်စီကို ကံဆောင်သပိတ်မှောက်ကြောင်း ဒေသစံတော်ချိန် ဇူလိုင်လ ၂ ရက်နေ့ မွန်းလွဲပိုင်းက ကြေညာချက် ထုတ်ပြန်ထားပါတယ်။