အာဏာရှင်တော်လှန်ရေးမှာ ပါဝင်ဖို့ မွန်လူငယ်တွေကို NMSP-AD ဖိတ်ခေါ်

အမျိုးသားရေးတာဝန်တွေကို မွန်လူငယ်တွေ ဝင်ရောက်ထမ်းဆောင်ကြဖို့နဲ့ ပြည်တွင်းပြည်ပမှာရှိတဲ့ မွန်လူမျိုးတွေအနေနဲ့ နည်းလမ်းမျိုးစုံနဲ့ ပူးပေါင်းကြဖို့လည်း တိုက်တွန်းထားပါတယ်။

မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) (NMSP-AD) တပ်ဖွဲ့ဝင်များကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့က တွေ့ရစဥ်။ NMSP-AD

အရပ်သားပြည်သူတွေကို အကြမ်းဖက်နှိပ်စက်သတ်ဖြတ်နေတဲ့ စစ်အာဏာရှင်နဲ့အပေါင်းအပါတွေကို အမျိုးသားဘုံရန်သူအဖြစ် သတ်မှတ်ပြီး စစ်အာဏာရှင်တိုက်ခိုက်ရေးအတွက် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) (NMSP-AD) နဲ့ ပူးပေါင်းလက်တွဲဖို့ မွန်လူငယ်တွေကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ ဖိတ်ခေါ်လိုက်ပါတယ်။

NMSP-AD စတင်တည်ထောင်တဲ့ တစ်နှစ်ပြည့်နေမှာပဲ တိုက်တွန်းဖိတ်ခေါ်လိုက်တာ ဖြစ်ပါတယ်။ တော်လှန်ရေးအောင်မြင်ဖို့ အမျိုးသားရေးတာဝန်တွေကို မွန်လူငယ်တွေ ဝင်ရောက်ထမ်းဆောင်ကြဖို့နဲ့ ပြည်တွင်းပြည်ပမှာရှိတဲ့ မွန်လူမျိုးတွေအနေနဲ့ ထောက်ပံ့ကူညီတာ၊ နည်းပညာအပါအဝင် နည်းလမ်းမျိုးစုံနဲ့ ပူးပေါင်းကြဖို့လည်း တိုက်တွန်းထားပါတယ်။

အရပ်သားတွေအပေါ် စစ်ကောင်စီ ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေအတွက် တရားမျှတမှုရနိုင်တဲ့ တစ်ခုတည်းသောနည်းလမ်းဟာ အမြစ်ဖြတ်ချေမှုန်းတိုက်ခိုက်ရေးနည်းပဲ ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်အာဏာရှင်ချုပ်ငြိမ်းရေးနဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရှိတဲ့ မွန်ပြည်ပေါ်ထွန်းရေး နိုင်ငံရေးပန်းတိုင်မရောက်မချင်း ဘဝတူတိုင်းရင်းသားတွေ၊ ဒီမိုကရေစီအင်အားစုတွေနဲ့ လက်တွဲဆောင်ရွက်သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာ မွန်တော်လှန်ရေးအားကောင်းလာမှာကို စိုးရိမ်တာကြောင့် မွန်ပြည်သူနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား သွေးခွဲတာ၊ လက်နက်အားကိုးပြီး ပြည်သူတွေကို တိုက်ခိုက်တာ၊ ဖမ်းဆီးသတ်ဖြတ်တာ၊ လက်နက်ကြီးနဲ့လေကြောင်းကနေ အရပ်သားတွေရဲ့နေအိမ်တွေ၊ ဆေးရုံတွေ၊ စာသင်ကျောင်းတွေနဲ့ ဘာသာရေးအဆောက်အဦတွေကို တိုက်ခိုက်နေတယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် မွန်လူငယ်တွေကို ပစ်မှတ်ထားပြီး အဓမ္မစစ်သားစုဆောင်းနေတယ်လို့ ဝေဖန်ထားပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

NMSP-AD ဟာ တခြားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တွေမှာ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်နေတာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org