မွန်ပြည်နယ် ရေဘေးဆုံးရှုံးမှု


2018.06.21
mon-flooding-622.jpg မော်လမြိုင်မြို့ ရွှေပြည်အေး သဒ္ဓမ္မစေတနာကျောင်းတိုက်မှာ ဖွင့်လှစ်ထားတဲ့ ရေဘေးကယ်ဆယ်ရေးစခန်းကို ဒေါက်တာ ဝင်းမြတ်အေးနဲ့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံတို့ ၂ဝ၁၈ ခုနှစ် ဇွန်လ ၁၈ ရက်နေ့က လာရောက်စဉ်
Photo: zin moe - facebook

မွန်ပြည်နယ်က မြို့နယ် ၇ ခုမှာ ရေကြီးရေလျှံခဲ့တာကြောင့် ပျက်ဆီးဆုံးရှုံးခဲ့ရတဲ့ တန်ဖိုးငွေကျပ် သိန်း ၆၅ဝဝ နီးပါးထိရှိတယ်လို့ မွန်ပြည်နယ် အစိုးရအဖွဲ့က ပြောပါတယ်။

ရေကြီးမူကြောင့် နေအိမ်တွေပြိုကျတာ ၊ခြံစည်းရိုး အုတ်တံတိုင်းပျက်စီးတာတွေရှိခဲ့ပြီး လူအသေအပျောက်တော့ မရှိဘူးလို့ မွန်ပြည်နယ် အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက ပြောပါတယ်။

"'ဒီလိုဖြစ်သွားတဲ့ဖြစ်စဉ်အရဆိုရင် ပျက်စီးဆုံးရှုံးသွားတဲ့တန်ဖိုးအနေနဲ့ မွန်ပြည်နယ်တစ်ခုလုံးအနေနဲ့ ကျပ်သိန်း ၆၄ဝဝ ကျော် ခန့်မှန်းပေါ့ ဆုံးရှုံးခဲ့တယ်၊ ပျက်စီးဆုံးရှုံးမှုအနေနဲ့ နေအိမ်တွေပြိုကျတာ၊ နောက်တစ်ခါ ခြံစည်းရိုး အုတ်တံတိုင်း ဒါတွေပြိုလဲတာတွေပေါ့ အများဆုံးဖြစ်ပါတယ်၊ လူထိခိုက်ပျက်စီးဆုံးရှုံးမှု အသေအပျောက် မရှိပါဘူး၊ မွန်ပြည်နယ်တစ်ခုလုံးအနေနဲ့"

မွန်ပြည်နယ် အစိုးရရဲ့ သတင်းထုတ်ပြန်ချက်မှာ လူအသေအပျောက်မရှိဘူးလို့ဆိုပေမယ့် မော်လမြိုင်မြို့မှာ ကိုယ်ဝန်ဆောင်သည် အမျိုးသမီးတစ်ဦး မြွေကိုက်သေဆုံးခဲ့သလို မုဒုံမြို့မှာလည်း ရာဘာခြံလုပ်သား မိသားစုက ကလေးတစ်ဦးနဲ့ အမျိုးသားတစ်ဦးသေဆုံးခဲ့တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။

ရေကြီးခဲ့တဲ့နေရာတွေကို မွန်ပြည်နယ်အစိုးရအဖွဲ့က ဝန်ကြီးတွေဦးဆောင်ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်ဆောင်သွားမယ်လို့ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက ပြောပါတယ်။

မိုးရာသီက နောက် ၃လခန့် ကျန်ရှိနေသေးတာကြောင့် မွန်ပြည်နယ် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအဖွဲ့ကို ရပ်ကွက်ကျေးရွာအဆင့်ထိ တိုးချဲ့ဖွဲ့စည်းသွားမယ်လို့ သိရပါတယ်။

ရေကြီးမှုကြောင့် မွန်ပြည်နယ်က မြို့နယ် ၇ ခုမှာ ရေဘေးသင့်ပြည်သူ ခုနှစ်ထောင်ကျော်ရှိခဲ့ပြီး ယာယီ ကယ်ဆယ်ရေး စခန်းတွေမှာ ၄၃ ခုဖွင့်လှစ်ခဲ့ရခဲ့ပြီး လက်ရှိအချိန်မှာတော့ အကုန်နီးပါးပိတ်သိမ်းနိုင်ပြီလို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။