မွန်ပြည်နယ် မြို့ ၆ မြို့မှာ ရေကြီးရေလျှံမှုတွေကြောင့် လူဦးရေ ၇ ထောင်ကျော် ယာယီကယ်ဆယ်ရေး စခန်းတွေမှာ ရွှေ့ပြောင်းနေကြရပါတယ်။
မုဒုံ၊ ရေး၊ သံဖြူဇရပ်၊ မော်လမြိုင်၊ ပေါင်နဲ့ ကျိုက်မရော မြို့ ၆ မြို့က ဒေသခံတွေ ရွှေ့ပြောင်းနေရတာလို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းက ပြောပါတယ်။
"မွန်ပြည်နယ်မှာက အစ်မတို့ရတာက မုဒုံ၊ မုဒုံမှာက ရေဘေးသင့်အိမ်ထောင်စု ၃၂ဝ၊ လူဦးရေ ၆၁၅၊ နောက်တခါ ရေးမြို့ဆိုရင် အိမ်ထောင်စု ၁၈၈၊ လူဦးရေ ၇၆၁၊ နောက်တစ်ခုက သံဖြူဇရပ်မှာဆိုရင် အိမ်ထောင်စု ၁၂၆၊ လူဦးရေ ၅၃၃၊ နောက် မော်လမြိုင်မှာက အိမ်ထောင်စု ၂ဝ၁၅၊ လူဦးရေ ၅၆ဝ၇၊ နောက်ပေါင်မြို့မှာ လူဦးရေ ၂၆ဝ၊ ကျိုက်မရောမှာ လူဦးရေ ၁၄ဝ၊ ထောက်ပံ့တာကျတော့ အစ်မတို့တွေက အဲဒီမှာ ဆန်ရိက္ခာဖိုးတော့ ထောက်ပံ့ထားတယ်၊ သိန်းပေါင်း ၁၅၅ သိန်းကျော်၊ နောက် ရေသန့်ဆေးပြားတို့၊ ဓါတ်ဆားထုတ်တို့လေ၊ အဲဒါတွေထောက်ပံ့တယ်"
လတ်တလောမှာ မော်လမြိုင်ဘက်ကို စက်လှေ ၃ စီး ပေးပို့ထားပြီး မုဒုံနဲ့ မော်လမြိုင်မှာ ကယ်ဆယ်ရေးစခန်း ၁၁ ခု ဖွင့်လှစ်ထားရတယ်လို့ သိရပါတယ်။
ဇွန်လ ၁၆ ရက်နေ့ညက စပြီးမိုးကြီးခဲ့တာကြောင့် မော်လမြိုင်၊ မုဒုံ၊ ပေါင်၊ သံဖြူဇရပ်၊ ရေး၊ ကျိုက်မရော စတဲ့ မြို့ ၆ မြို့မှာ ရေကြီး ရေလျှံတာတွေ၊ လမ်းပိတ်ဆို့တာ၊ မြေပြိုကျတာတွေဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ပြည်နယ်အစိုးရအဖွဲ့နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ အရပ်ဖက် အဖွဲ့တွေ၊ မီးသတ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက မနေ့ကစပြီး အရေးပေါ်ကယ်ဆယ်ရေးတွေ လုပ်ဆောင်နေကြပါတယ်။
ဒါ့အပြင် မော်လမြိုင်မြို့နယ် သီရိမြိုင်ရပ်ကွက်က ကိုယ်ဝန် ၅ လ ရှိနေပြီဖြစ်တဲ့ အမျိုးသမီးတစ်ဦးဟာ မြွေကိုက်ခံရပြီး မနေ့က သေဆုံးခဲ့ပါတယ်။
မော်လမြိုင်မြို့ ကျိုက်သလန်စေတီတော်မှာ မြေပြိုကျပျက်စီးခဲ့တာနဲ့ ပတ်သက်ပြီး ပညာရှင်တွေ ပါဝင်တဲ့ ပြန်လည်ပြုပြင်တည်ဆောက်ရေးအဖွဲ့ ဖွဲ့စည်းပြီး အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီရဲ့ ဦးဆောင်မှုနဲ့ မွန်ပြည်နယ်အစိုးရက ပူးပေါင်းအကောင်အထည်ဖော်ဖို့ စီစဉ်ခဲ့တယ်လို့လည်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။