မွန်ပြည်နယ်မှာ စာသင်ကျောင်းနဲ့ ဘာသာရေးအဆောက်အအုံတွေ ဗုံးကြဲခံရ
မွန်ပြည်နယ် သထုံနဲ့ ဘီးလင်းမြို့နယ်က ဘုန်းကြီးကျောင်း၊ ခရစ်ယာန်ဘုရားကျောင်းနဲ့ စာသင်ကျောင်းတွေကို စစ်တပ်က ဖေဖော်ဝါရီ ၁၃ ရက်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
-
RFA Burmese
2025-02-13 -
-
-
မွန်ပြည်နယ် သထုံနဲ့ ဘီးလင်းမြို့နယ်က ဘုန်းကြီးကျောင်း၊ ခရစ်ယာန်ဘုရားကျောင်းနဲ့ စာသင်ကျောင်းတွေကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ထုတ်ပြန်ပါတယ်။
ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မနက်ပိုင်းမှာ ကျိုက်ထိုမြို့နယ် ပိန္နဲကုန်းရွာက ဘုန်းကြီးကျောင်းနဲ့ ရွာပတ်ဝန်းကျင်ကို ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သား သုံးဦး သေဆုံးပြီး ဘုန်းကြီးကျောင်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနေ့ နေ့လယ်ပိုင်းမှာ ကျိုက်ထိုမြို့နယ် ကော်ကပ်ရွာကို ထပ်မံဗုံးကြဲတိုက်ခိုက်တာကြောင့် ကော်ကပ်ရွာ စာသင်ကျောင်း အဆောက်အအုံတွေ ပျက်စီးခဲ့တယ်လို့ ဖော်ပြပါတယ်။
ညနေပိုင်းမှာလည်း ဘီးလင်းမြို့နယ် တဂေးလောင်းရွာကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်နဲ့ ပေါင်ငါးရာဗုံးနှစ်လုံး ကြဲချရာမှာ တစ်လုံးက ခရစ်ယာန်ဘုရားကျောင်းဝင်းအတွင်း ကျရောက်ပြီး နောက်တစ်လုံးက ရွာထဲက နေအိမ်တွေပေါ် ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီဗုံးကြဲတိုက်ခိုက်မှုကြောင့် ခရစ်ယာန်ဘုရားကျောင်းနဲ့ နေအိမ် ၁၇ လုံး ပျက်စီးခဲ့ပါတယ်။
စစ်ကောင်စီတပ်က ကျေးရွာစာသင်ကျောင်း၊ ဘုရားကျောင်း၊ ဘုန်းကြီးကျောင်း၊ စေတီပုထိုးတွေနဲ့ ပြည်သူပိုင်နေအိမ်တွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်နေတာလို့ KNU က ပြောပါတယ်။
ဖေဖော်ဝါရီလ ၉ ရက်နေ့ကလည်း တဂေးလောင်းရွာ ဘုန်းကြီးကျောင်း ဗုံးကြဲခံရပြီး သာသနိကအဆောက်အအုံတွေနဲ့ နေအိမ်တွေ ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
ကယား (ကရင်နီ) ပြည်နယ်မှာလည်း ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲလို့ ဒေါရောက်ခူရွာအနီးက စာသင်ကျောင်းနဲ့ အဆောက်အအုံတချို့ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
RFA ရဲ့ စာရင်းတွေအရ ၂၀၂၄ ခုနှစ် တစ်နှစ်အတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် နိုင်ငံတစ်ဝန်း အရပ်သား ၁၇၆၉ ဦး သေဆုံးပြီး ဒဏ်ရာရသူ ၃၇၂၀ ဦး ရှိခဲ့ပါတယ်။