စစ်အာဏာရှင်ကိုတော်လှန်ဖို့ မွန်လက်နက်ကိုင်တွေ စုစည်းဖို့လိုအပ်ကြောင်း တိုက်တွန်း

မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(NMSP-AD)၊ မွန်ပြည်တော်လှန်ရေးတပ်နဲ့ မွန်ပြည်ကာကွယ်ရေးတပ် စတဲ့ မွန်လက်နက်ကိုင်သုံးဖွဲ့က တိုက်တွန်းလိုက်တာပါ။

မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(NMSP-AD) တပ်ဖွဲ့ဝင်များအား ၂၀၂၄ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့က ရှေ့တန်းတစ်နေရာမှာ တွေ့ရစဉ်။ NMSP-AD

စစ်အာဏာရှင်ကို တိုက်ပွဲဝင်နေတဲ့ မွန်ပြည်နယ်အတွင်းရှိ တော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့တွေအားလုံး စုစည်းတိုက်ပွဲဝင်ဖို့လိုအပ်ကြောင်း ဩဂုတ် ၁၉ ရက်နေ့မှာ ကျရောက်တဲ့ ၇၇ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့မှာ မွန်လက်နက်ကိုင်သုံးဖွဲ့က တိုက်တွန်းလိုက်ပါတယ်။

မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(NMSP-AD)၊ မွန်ပြည်တော်လှန်ရေးတပ်(MSRF)နဲ့ မွန်ပြည်ကာကွယ်ရေးတပ်(MSDF) စတဲ့ မွန်လက်နက်ကိုင်သုံးဖွဲ့က တိုက်တွန်းလိုက်တာပါ။

မွန်ပြည်နယ်မှာရှိတဲ့ မွန်လက်နက်ကိုင်တွေနဲ့ မဟာမိတ်တွေပူးပေါင်းပြီး စစ်ရေးလှုပ်ရှားမှသာ တော်လှန်ရေး အောင်မြင်မယ်လို့ မွန်ပြည်ကာကွယ်ရေးတပ် MSDF ဥက္ကဋ္ဌ ‌ဒေါက်တာ သီရီမွန်ချမ်း က RFA ကိုပြောပါတယ်။

"ကျွန်တော်တို့ ပထမအဆင့်အနေနဲ့ မွန်လက်နက်ကိုင်တပ်တွေဖြစ်ကြတဲ့ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် AD ရယ်၊ မွန်ပြည်တော်လှန်ရေးတပ်ရယ်၊ ကျွန်တော်တို့ မွန်ပြည်ကာကွယ်ရေးတပ် (MSDF)ရယ် စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေ လုပ်လာခဲ့တယ်၊ သုံးတပ်နဲ့ လုံလောက်တယ် ပြောလို့မရဘူး၊ ဒါကြောင့်ပဲ တခြားကျန်ရှိနေသေးတဲ့ မွန်လက်နက်ကိုင်တပ်တွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီးတော့ ကျစ်လစ်ခိုင်မာတဲ့ မွန်လက်နက်ကိုင်တပ် တစ်တပ် အနေဖြင့် ဒါမှမဟုတ် မွန်လက်နက်ကိုင် တပ်ပေါင်းစုအနေနဲ့ ပူးပေါင်းပြီးတော့ အခြားကျန်ရှိနေတဲ့ မဟာမိတ် KNU နောက်ပြီးတော့ PDF တွေနဲ့ ပူးပေါင်းပြီးတော့ စစ်ရေးလှုပ်ရှားမှုတွေ လုပ်လာမှသာ မိမိတို့ အမျိုးသားလွတ်မြောက်ရေး တော်လှန်ရေးရယ်၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်နိုင်ငံ ထူထောင်ဖို့ တော်လှန်ရေးက အောင်မြင်မှာပါ"

မဟာလူမျိုးကြီးဝါဒနဲ့ စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်အမျိုးမျိုးကို တိုက်ဖျက်နိုင်မှသာ မွန်တွေလက်လွတ်ဆုံးရှုံးခဲ့ရတဲ့ အခွင့်အရေးတွေကို ပြန်လည်ရရှိနိုင်မှာဖြစ်ပြီး လက်ရှိ စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အာဏာရှင်စစ်တပ်ဟာ မွန်တစ်မျိုးသားလုံးရဲ့ ဘုံရန်သူဖြစ်တယ်လို့လည်း ဆိုပါတယ်။

စစ်အာဏာရှင်တိုက်ဖျက်ရေးမှာ တိုက်ပွဲဝင်နေကြတဲ့ ဘဝတူတိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းတွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ၊ နွေဦးတော်လှန်ရေးအင်အားစုတွေ အားလုံးနဲ့လည်း မဟာဗျူဟာကျကျ ပူးပေါင်းတိုက်ပွဲဝင်ဖို့ လိုအပ်တယ်လို့လည်း အဖွဲ့သုံးဖွဲ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ရေးသားထားပါတယ်။

လက်ရှိ တိုင်းပြည်မှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး၊ စစ်ရေးအခြေအနေအရပ်ရပ်ဟာ အမျိုးသားလွတ်မြောက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီ တိုက်ပွဲတွေအတွက် အကောင်းမွန်ဆုံး အချိန်ဖြစ်တယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီကို အမြစ်ဖြတ်ချေမှုန်းဖို့အတွက် မွန်လက်နက်ကိုင်သုံးဖွဲ့နဲ့အတူ စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ အခြားမွန်နဲ့ တော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ ပြည်တွင်းပြည်ပရောက် မွန်လူငယ်တွေနဲ့ မွန်ပြည်သူပြည်သားအားလုံး လှည်းနေလှေအောင်းမြင်းဇောင်းမကျန် တက်ညီလက်ညီ တိုက်ပွဲဝင်ကြဖို့လည်း တိုက်တွန်းထားပါတယ်။

မွန်အမျိုးသားတွေရဲ့ ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့်၊ မွန်ကြမ္မာမွန်တို့ဖန်တီးခွင့်ရရှိရေးအတွက် ၁၃၁၀ ခု ဝါခေါင်လပြည်နေ့မှာ နိုင်ပန်းသာ၊ နိုင်မောင်သိန်းနဲ့ မွန်မျိုးချစ်လူငယ် (၂၇) ဦးက ဦးဆောင် စတင်လာခဲ့တဲ့နေ့ကို မွန်တော်လှန်ရေးနေ့အဖြစ် သတ်မှတ်ခဲ့တာပါ။


2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org