ဘီးလင်းမှာ ရေကြီးလို့ ဒေသခံ ၅ဝဝ နီးပါးရွှေ့ပြောင်းနေရ

ဘီးလင်းမြို့နယ်မှာ မြစ်ရေကြီးနေလို့ ရပ်ကွက်နဲ့ ကျေးရွာ ၁၄ ခု ရေနစ်မြုပ်နေပြီး လူပေါင်း ၅ဝဝ နီးပါး နေအိမ်တွေ ရွှေ့ပြောင်းနေရပါတယ်။

ရေကြီးလို့ ရွှေ့ပြောင်းနေရသည့် မွန်ပြည်နယ် ဘီးလင်းမြို့နယ်က ဒေသခံတွေကို တွေ့ရစဉ်။ ဓာတ်ပုံ : ဦးငယ်

မွန်ပြည်နယ် ဘီးလင်းမြို့နယ်မှာ မြစ်ရေကြီးနေလို့ ရပ်ကွက်နဲ့ ကျေးရွာ ၁၄ ခု ရေနစ်မြုပ်နေပြီး လူပေါင်း ၅ဝဝ နီးပါး နေအိမ်တွေ ရွှေ့ပြောင်းနေရတယ်လို့ ကူညီကယ်ဆယ်ရေးလုပ်နေသူတွေက RFA ကို ပြောပါတယ်။

မိုးသည်းထန်ပြီး ဘီးလင်းမြစ်ရေ ထိုးတက်လာလို့ လက်ရှိမှာလည်း စိုးရိမ်ရေမှတ်အထက် ရောက်နေတယ်လို့ ဆိုပါတယ်။

မြစ်ကမ်းတစ်လျှောက် ရပ်ကွက်မှာရှိတဲ့ နေအိမ်တွေ ရေကြီးတဲ့ဒဏ် အဆိုးဆုံးခံနေရတယ်လို့ ဘီးလင်းမြို့နယ် လူမှုကယ်ဆယ်ရေးအသင်း ဥက္ကဋ္ဌ ဦးလွင်ဦးက ပြောပါတယ်။

"တစ်မြို့နယ်လုံးမှာ အိမ် ၁၈၀ ရေမြုပ်နေတယ်၊ ပင်လယ်ရေအတောင့်နဲ့ ချောင်းဖျားရေအကျနဲ့ တိုးပြီး ရေကြီးနေတာ၊ နောက်သုံးရက်လောက် ပင်လယ်ရေက တက်ဦးမှာဖြစ်တာကြောင့် ချောင်းဖျားမှာ မိုးများမယ်ဆိုရင် ရေပိုကြီးမယ်"

ပင်လယ်ရေအတက်ရက်မှာ မိုးများတာကြောင့် အရင်ကထက်ပိုပြီး မြစ်ရေကြီးတာလို့လည်း သူကဆိုပါတယ်။

ဘီးလင်းမြို့ပေါ်မှာ ကယ်ဆယ်ရေးစခန်းလေးခုဖွင့်ထားပြီး ကျေးရွာတွေဘက်မှာတော့ စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေမှာ နေကြတယ်လို့လည်း သူကဆက်ပြောပါတယ်။

ရေဘေးဒုက္ခသည်တွေကို နီးစပ်ရာကပဲ အကူအညီပေးနေရပြီး ဌာနဆိုင်ရာကနေ အကူအညီပေးတာ မရှိသလောက်နည်းတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဘီးလင်းမြစ်ရေစိုးရိမ်ရေအမှတ်ဟာ ပုံမှန်ထက် ၃၀ စင်တီမီတာကျော်နေတယ်လို့ စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org