ဘေးလွတ်ရာ တိမ်းရှောင်တဲ့ မိုးကုတ်မြို့ခံတွေ အခက်အခဲဖြစ်နေ

TNLA ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတို့ တိုက်ပွဲပြင်းထန်နေတဲ့ မိုးကုတ်မြို့ကို စစ်ကောင်စီတပ်က ပိတ်ဆို့ထားတာကြောင့် မန္တလေးဘက်ကို ထွက်ပြေးတိမ်းရှောင်ကြမဲ့သူတွေ အခက်ခဲဖြစ်နေပါတယ်။

မန္တလေးတိုင်း၊ မိုးကုတ်မြို့အား ၂၀၂၃ ခုနှစ်အတွင်းက တွေ့ရစဉ်။ MPA Photo

တအောင်း အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတို့ တိုက်ပွဲပြင်းထန်နေတဲ့ မိုးကုတ်မြို့ကို စစ်ကောင်စီတပ်က ပိတ်ဆို့ထားတာကြောင့် မန္တလေးဘက်ကို ထွက်ပြေးတိမ်းရှောင်ကြမဲ့သူတွေ အခက်ခဲဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲပိုပြင်းထန်လာတာကြောင့် ဇွန်လ ၃၀ ရက်နေ့ ဒီနေ့မနက်အစောပိုင်းကစပြီး မြို့ခံတွေဟာ ကားတွေနဲ့ မန္တလေးဘက်ကို တိမ်းရှောင်ခဲ့ကြပေမဲ့ ရှေ့ဆက်သွားမရဘဲ လမ်းမှာပိတ်မိနေကြသလို ထွက်ခွာဖို့ စီစဉ်နေသူတွေကိုလည်း စစ်ကောင်စီတပ်က မြို့ထဲပြန်ဝင်ခိုင်းခဲ့တယ်လို့ ဆိုပါတယ်။

နည်းလမ်းမျိုးစုံနဲ့ မြို့ကနေထွက်ခွာနေကြတဲ့ ဒေသခံတွေကို စစ်ကောင်စီတပ်က ပိတ်ပင်တားဆီးနေသလို တိုက်ပွဲကလည်း ဖြစ်နေတာကြောင့် အခက်အခဲတွေဖြစ်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မိုးကုတ် ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ဒီမနက် အစောကြီး ၄ နာရီလောက်ကတည်းက ကားတွေ၊ ဆိုင်ကယ်တွေနဲ့ ထွက်ကြတာ။ ကျပ်ပြင်နဲ့ ဇရပ်ကွင်းမှာ အဲနှစ်နေရာမှာ အဓိက ပိတ်မိနေတာ။ ကျွန်တော့် မိတ်ဆွေတစ်ယောက်က ဒီမနက် ၈ နာရီလောက်ကတော့ ကျပ်ပြင်ကနေ လွတ်ပေးလိုက်တဲ့အထဲ ပါသွားတယ်။ ဒါပေမဲ့ ဇရပ်ကွင်းမှာ ပြန်သွားပိတ်မိနေတယ်။ အခုထိတော့ ပေးမသွားသေးဘူးလို့ ပြောတယ်”

ဒီနေ့မနက် ဇရပ်ကွင်းမှာ ပိတ်မိနေတဲ့ မိုးကုတ်မြို့ခံ သားမိနှစ်ဦးလည်း သေနတ်ကျည်ဆန် ထိမှန်ဒဏ်ရာရပြီး ဆေးကုသမှုခံယူနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မိုးကုတ်မြို့ကနေ ထပ်မံတိမ်းရှောင်လာသူတွေကိုလည်း မြို့အဝင် ကျောက်ဖားဂိတ်မှာရှိတဲ့ စစ်ကောင်စီတပ်က ပေးမသွားတော့ပဲ မြို့ထဲကို ပြန်ဝင်ခိုင်းခဲ့တယ်လို့ ဆိုပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီရဲ့ မန္တလေးတိုင်း ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

မိုးကုတ်မြို့အတွင်းက စစ်ကောင်စီတပ်စခန်းတွေနဲ့ ရဲစခန်းတွေကို ဇွန်လ ၂၅ ရက်နေ့ကတည်းက TNLA၊ MDY-PDF နဲ့ ဒေသအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မြို့အနောက်ခြမ်းက စစ်ကောင်စီ တပ်စခန်းတွေကို TNLA ပူးပေါင်းအဖွဲ့က တိုက်သိမ်းယူထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org