မိုးကုတ်မှာ စစ်ကောင်စီ လက်နက်ကြီးကြောင့် အရပ်သား ၁၁ ဦး သေဆုံး

မိုးကုတ်မြို့နယ်မှာ လက်နက်ကြီးတွေကြောင့် ဇူလိုင် ၁၈ ရက်နေ့ တစ်ရက်တည်းမှာ ၁၁ ဦး သေဆုံးပြီး ၁၇ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မိုးကုတ်မြို့တွင်း စစ်ကောင်စီလက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ထိခိုက်ပျက်စီးနေသည့် အဆောက်အအုံများကို ၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့က တွေ့ရစဉ်။ Citizen Photo

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်မှာ လက်နက်ကြီးတွေကြောင့် ဇူလိုင်လ ၁၈ ရက်နေ့ တစ်ရက်တည်းမှာ အရပ်သား ၁၁ ဦး သေဆုံးကာ ၁၇ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မိုးကုတ်မြို့အရှေ့ပိုင်း ဖောင်တော်ဦးဈေးအနီး နှစ်ဦး၊ ကုန်းမြင့်သာယာမှာ သုံးဦး၊ ရေပူမှာ တစ်ဦး၊ မင်းတံတားရပ်ကွက်မှာ နှစ်ဦး၊ စည်ပင်သာယာရပ်ကွက်မှာ နှစ်ဦးနဲ့ ရွှေပြည်ဟိန်းကားဂိတ်အနီးမှာ တစ်ဦး စုစုပေါင်း ၁၁ ဦး သေဆုံးခဲ့ပါတယ်။ နောက်ထပ် ၁၇ ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးခဲ့သူတွေရဲ့ ရုပ်အလောင်းတွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ သယ်ယူပြီး မိသားစုဝင်တွေက သင်္ဂြိုဟ်နေရတယ်လို့ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ မိုးကုတ်မြို့ခံတစ်ဦးက ပြောပါတယ်။

"သေတဲ့သူတွေကို မနေ့ညကတည်းက မိသားစုဝင်တွေက ဆိုင်ကယ်တွေနဲ့ အလောင်းသယ်ပြီး သင်္ဂြိုဟ်နေကြရတယ်။ ဖုန်းလိုင်းတွေ ဖြတ်ခံထားရတော့ လူမှုကူညီရေးအသင်းတွေကလည်း ဆက်သွယ်မရဘူးလေ"

မိုးကုတ်မြို့နယ်အတွင်း နေရာတချို့မှာ ဖုန်းလိုင်းတွေ ပြတ်တောက်နေပြီး ဖိုင်ဘာအက်တာနက်လိုင်းတချို့သာ ရနေတာကြောင့် ထိခိုက်သေဆုံးသူ ဦးရေ ဒီထက်ပိုများနိုင်တယ်လို့ သူက ပြောပါတယ်။

သေဆုံးသူတွေထဲ ကိုမင်းခန့်ကျော်၊ ကိုနီတွတ်၊ ကိုသန့်စင်၊ ကိုထွေးနဲ့ ဦးတင်မောင်အေးတို့ပါဝင်ပြီး ကျန်ခြောက်ဦးရဲ့ နာမည်တွေကိုတော့ မသိရသေးပါဘူး။

လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ လူမှုကူညီရေးအသင်းရဲ့ တာဝန်ရှိသူတစ်ဦးကလည်း မိုးကုတ်မြို့ ပြည်သူ့ဆေးရုံမှာ ဆရာဝန်နဲ့ သူနာပြုတွေ မရှိတော့တာကြောင့် ထိခိုက်ဒဏ်ရာရသူတွေကို ဆေးမြီးတိုတွေနဲ့သာ ကုသပေးနေရတယ်လို့ ပြောပါတယ်။

"ဆေးရုံမှာက ဆရာဝန်ရော၊ သူနာပြုတွေရော အကုန်မရှိကြတော့ဘူး။ လက်နက်ကြီးတွေက အရမ်းပစ်နေတော့ သူတို့လည်း ဆေးရုံကနေ လုံခြုံတဲ့နေရာကို ပြောင်းနေကြရတာပေါ့။ ဒါကြောင့် အခုချိန် ဆေးရုံသွားလည်း ဘယ်သူမှ မရှိကြဘူး"

ဒီအခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးသလို မန္တလေးတိုင်း ပြောခွင့်ရ စီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမဖြေဆိုပါဘူး။

လက်ရှိမှာ စစ်ကောင်စီဘက်က မြို့အဝင်အထွက် လမ်းတွေကို ပိတ်ထားတာကြောင့် ဒေသခံ သုံးသောင်းကျော် ပိတ်မိနေပြီး စားဝတ်နေရေးခက်ခဲနေတယ်လို့ မိုးကုတ်မြို့ခံတွေက ပြောပါတယ်။

 

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org