မိုးထိမိုးမိ ရွှေတွင်းကုမ္ပဏီဥက္ကဋ္ဌအပါအဝင် ငါးဦးကို ဖမ်းဝရမ်းထုတ်

မန္တလေးတိုင်း ရမည်းသင်းမြို့နယ်က မိုးထိမိုးမိဒေသမှာ ရွှေတူးဖော်ခဲ့တဲ့ အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီ ဥက္ကဋ္ဌ ဦးစိုးထွန်းရှိန် အပါအဝင် ငါးဦးကို ရဲတပ်ဖွဲ့က ဖမ်းဝရမ်းထုတ်လိုက်ပါတယ်။

တရားစွဲခံထားရတဲ့ အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီ ဥက္ကဋ္ဌ ဦးစိုးထွန်းရှိန်နဲ့ ဦးညီညီလွင်၊ ဦးစောမောင် နဲ့ ဦးခင်ဇော် တို့ကို တွေ့ရစဉ် ဓါတ်ပုံ - ရဲဇာနည်

မန္တလေးတိုင်း ရမည်းသင်းမြို့နယ်က မိုးထိမိုးမိဒေသမှာ ရွှေတူးဖော်ခဲ့တဲ့ အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီ ဥက္ကဋ္ဌ ဦးစိုးထွန်းရှိန် အပါအဝင် ငါးဦးကို ရဲတပ်ဖွဲ့က ဖမ်းဝရမ်းထုတ်လိုက်ပါတယ်။

အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီအနေနဲ့ မိုးထိမိုးမိဒေသမှာ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အတွင်း ရွှေတူးဖော်ခဲ့ရာမှာ အစိုးရကို ပေးသွင်းရမယ့် ရွှေပိဿာချိန် ၁၂၀၀၀ ကျော် ပေးသွင်းဖို့ ကျန်ရှိတာကြောင့် မြန်မာ့သတ္ထုတွင်း ဥပဒေ ပုဒ်မ ၃၀ (က) နဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက တရားစွဲဆိုထားတာဖြစ်ပါတယ်။

တရားစွဲခံထားရတဲ့ အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီ ဥက္ကဋ္ဌ ဦးစိုးထွန်းရှိန် အပါအဝင် ဦးညီညီလွင်၊ ဦးခင်ဇော်၊ ဦးမင်းမင်းစိုးနဲ့ ဦးစောမောင်တို့ကို ဒီနေ့အချိန်ထိ ဖမ်းဆီးရမိတာမရှိသေးတာကြောင့် သူတို့ကို တွေ့ရှိတယ်ဆိုရင် နီးစပ်ရာ ရဲစခန်းကို အကြောင်းကြားဖို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ လူမှုကွန်ရက် စာမျက်နှာဖြစ်တဲ့ ရဲဇာနည် Facebook ကနေ မနေ့က ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

ဖမ်းဝရမ်းထုတ်ခံရတာနဲ့ ပတ်သက်ပြီး အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီတာဝန်ရှိသူတွေကို RFA က ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမယ့် အဆက်အသွယ် မရရှိခဲ့ပါဘူး။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်ထွန်းနိုင် ပေးပို့တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org